အမေရိကန် မင်နီဆိုတာပြည်နယ်တွင် သူနာပြုများ သပိတ်မှောက်

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်က သူနာပြုဝန်ထမ်းတွေဟာ ဝန်ထမ်းပြတ်လပ်မှုကို ဖြည့်ပေးဖို့နဲ့ လစာလုံလုံလောက်လောက်တိုးပေးဖို့ ဆေးရုံအမှုဆောင်တွေနဲ့ ဆွေးနွေးမှု မအောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၁၄ ရက်က ၃ ရက်ဆက်တိုက် သပိတ်မှောက်ပွဲမှာ ဝင်ပါခဲ့ကြပါတယ်။
သူနာပြုတွေရဲ့ ရုတ်တရက် သပိတ်မှောက်မှုဟာ မင်နီယာပိုလိစ်နဲ့ အိမ်နီးချင်း စိန့်ပေါလ်အနီးရှိ ဆေးရုံ ၁၃ ခုထက်မနည်းကို ထိခိုက်နိုင်ဖွယ် ရှိပါတယ်။
အခုလိုမင်နီဆိုတာ သူနာပြုအသင်းရဲ့ သပိတ်မှောက်မှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုဆိုးရွားမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးဝန်ထမ်းရှားပါးမှုကို မီးမောင်း ထိုးပြနေပါတယ်။
ဒီကိစ္စဖြေရှင်းဖို့ သဘောတူညီချက်အသစ်ကို ညှိနှိုင်းနေတာ ၅ လကျော်နေပြီဖြစ်ပြီး သူနာပြုတွေဟာ စာချုပ်မရှိဘဲ အလုပ်လုပ်နေရတာ ရက်သတ္တပတ်တွေ ချီနေပြီလို့ သမဂ္ဂက ပြောပါတယ်။ ညှိနှိုင်းမှုတွေကို စက်တင်ဘာ ၁၅ ရက်အထိ ခေတ္တရပ်နားထားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သူနာပြုသပိတ်ကို ဝါရှင်တန်ရှိ အမေရိကန် လွှတ်တော်အမတ်တွေကလည်း ထောက်ခံခဲ့ကြပါတယ်။
အမေရိကန် အလုပ်သမားစာရင်းအင်းဗျူရိုရုံး (BLS) ရဲ့ အဆိုအရ အမေရိကန်နိုင်ငံတဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အလုပ်အကိုင်တွေဟာ ကပ်ရောဂါမတိုင်ခင် အဆင့်အောက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလထက်စာရင် အခု ကျန်းမာရေးစောင့်ရှောက်မှု အလုပ်အကိုင်တွေမှာ အလုပ်လုပ်ကြသူ ပိုနည်းပါးပြီး လူပေါင်း ၃၇,၀၀၀ လောက်ပဲရှိကြောင်း BLS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။