စစ်ကိုင်းမြို့နဲ့ မတ္တရာမြို့ကြားက မင်းကွန်းတိုက်နယ်ဒေသ ထုံးဘိုကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ကင်းပုန်းဝပ် ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းက နေအိမ် ၂၀ ဝန်းကျင်ကို မီးရှို့ခဲ့ကာ အသက် ၄၀ အရွယ် အမျိုးသားတဦးကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကနေ သိရပါတယ်။
ထုံးဘိုကျေးရွာကို ကင်းပုန်းဝပ်ဝင်လာတဲ့ စစ်သား ၅၀ ဝန်းကျင်က နဂါးနီပြောက်ကျားတပ်ဖွဲ့ တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ ကင်းပုန်းဝပ်ပြီးလာတာ၊ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တဦးကျတယ်၊ လက်နက်တွေလည်း မီးလောင်တယ်၊ လက်နက်အရေအတွက်ကတော့ မတွက်ကြည့်ရသေးပါဘူး၊ အဝတ်အစား စောင်နဲ့ ရိက္ခာတွေပါ မီးလောင်တယ်။”
တိုက်ပွဲမှာ အသက် ၁၇ နှစ်အရွယ် မောင်ရဲဇင်ထွန်း ကျသွားပြီး တခြားရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အခြေအနေ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
ထုံးဘိုကျေးရွာအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြင်ဦးလွင်ခရိုင် ပကဖ ကောင်းကင်တပ်ဖွဲ့နဲ့ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရာမှာ ရွာထဲက ထွက်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲကထွက်သွားပြီးနောက် ရွာထဲကို နယ်မြေရှင်းလင်းရေး ဝင်ချိန်မှာ မီးရှို့ခံထားရတဲ့ နေအိမ် ၂၀ ဝန်းကျင်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရတာလို့ ပြောပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့ကို ဗဟိုပြုပြီး ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၃ နာရီ ၁၆ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားအသင့်အတင့်ရှိ ငလျင်ကြောင့် စစ်ကိုင်းမှာရှိတဲ့ ရှေးဟောင်း စေတီပုထိုးနဲ့ သာသနိကအဆောက်အအုံတွေလည်း ပျက်စီးပြိုကျခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ငလျင်ကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ မြသိန်းတန် စေတီတော်ရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ပြုတ်ကျတာတွေ စေတီတော်မှာ အက်ကွဲသွားတာတွေရှိတဲ့အပြင် ကမ္ဘာကျော် မင်းကွန်းပုထိုးတော်ရဲ့ ခြင်္သေ့ကြီးရုပ်တုရဲ့ လက်မောင်းပဲ့ကျသွားခဲ့တယ်လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ငလျင်ကြောင့် မန္တလေးမှာလည်း စေတီဘုရားနဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် ဘာသာရေး အဆောက်အဦတွေနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ကြီးတံခွန်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။
"ပြည်ကြီးတံခွန်က ခန္တောတိုက်နဲ့ မဏိရတနာ ကျောင်းတိုက်မှာ မျက်နှာကြက်တွေ ပြိုကျတယ်။ ကျောင်းဝင်းအတွင်းက ပတ္တမြားစေတီဆို စိန်ဖူးတော်ကျိုးကျသွားတယ်"လို့ ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်မှာလည်း ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်မှာ ငလျင်လှုပ်ခတ်တဲ့ဒဏ်ကြောင့် တိုက်အချို့အက်ကွဲသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ငလျင်က အတော်ပြင်းတာ အရမ်းလည်းသိသာတယ်။ ပြန်တောင်အိပ်လို့မရဘူး။ ပေါက်ပေါက်တန်းရပ်က တိုက်တစ်တိုက်ဆို ဘုရားစင်တောင်ကွဲအက်ပြီး ပြိုကျမတတ်ပဲ"လို့ ပြောပါတယ်။
မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့ မိုးဇလဌာနက သတင်းထုတ်ထားပါတယ်။
ဒီနေ့မနက် မြေငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတဲ့ မြို့နယ်တွေကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပြင်ဦးလွင်၊ တံတားဦး၊ စစ်ကိုင်း၊ မုံရွာနဲ့ ရွှေဘို စတဲ့မြို့နယ်တွေပဲဖြစ်ပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ နေအိမ်တွေပျက်စီးခဲ့ရသူ တွေအတွက် ဘယ်လို ကူညီပံ့ပိုးပေးမယ်ဆိုတာကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။