close

မင်းကွန်း ထုံးဘိုကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အမျိုးသား ၁ ဦး မီးရှို့အသတ်ခံရ

စစ်ကိုင်းမြို့နဲ့ မတ္တရာမြို့ကြားက မင်းကွန်းတိုက်နယ်ဒေသ ထုံးဘိုကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ကင်းပုန်းဝပ် ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းက နေအိမ် ၂၀ ဝန်းကျင်ကို မီးရှို့ခဲ့ကာ အသက် ၄၀ အရွယ် အမျိုးသားတဦးကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုကနေ သိရပါတယ်။

ထုံးဘိုကျေးရွာကို ကင်းပုန်းဝပ်ဝင်လာတဲ့ စစ်သား ၅၀ ဝန်းကျင်က နဂါးနီပြောက်ကျားတပ်ဖွဲ့ တပ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ ကင်းပုန်းဝပ်ပြီးလာတာ၊ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တဦးကျတယ်၊ လက်နက်တွေလည်း မီးလောင်တယ်၊ လက်နက်အရေအတွက်ကတော့ မတွက်ကြည့်ရသေးပါဘူး၊ အဝတ်အစား စောင်နဲ့ ရိက္ခာတွေပါ မီးလောင်တယ်။”

တိုက်ပွဲမှာ အသက် ၁၇ နှစ်အရွယ် မောင်ရဲဇင်ထွန်း ကျသွားပြီး တခြားရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အခြေအနေ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

ထုံးဘိုကျေးရွာအတွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြင်ဦးလွင်ခရိုင် ပကဖ ကောင်းကင်တပ်ဖွဲ့နဲ့ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရာမှာ ရွာထဲက ထွက်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကထွက်သွားပြီးနောက် ရွာထဲကို နယ်မြေရှင်းလင်းရေး ဝင်ချိန်မှာ မီးရှို့ခံထားရတဲ့ နေအိမ် ၂၀ ဝန်းကျင်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရတာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up