ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာမှာ မြို့နယ် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းနိုင်ရဲ့ ညီမနဲ့ သမီးဖြစ်သူတို့ ဒီနေ့မနက်က သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် မနက် ၉ နာရီလောက်မှာ လူသုံးဦးက ကားနဲ့ရောက်လာပြီး ကုန်းတလဘောင်၊ နွယ်နီ စျေးလမ်းအနီးရှိ ဦးဝင်းနိုင်ရဲ့ ညီမစျေးဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက "ပထမအနုကြမ်းစီးတာလို့ထင်တာ၊ အခုသိရသလောက်က အကြောင်းမဲ့ကိုလာပြီး ပစ်သတ်တဲ့သဘောပဲ။ ကလေးမလေးက နေရာတင်ဆုံးတယ်။ သူ့အမေကတော့ အရေးပေါ်၊ အခြေအနေမကောင်းဘူး။ ဆုံးပြီလို့လည်းကြားတယ်" လို့ ပြောပါတယ်။
ပစ်ခတ်ခံရတဲ့သားအမိမှာ မိခင်ဖြစ်သူက အသက် ၄၀ အရွယ်ဖြစ်ပြီး သမီးဖြစ်သူကတော့ ၈ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
အခုလို သေနတ်နဲ့ ပစ်သတ်သွားသူတွေဟာ ပျူစောထီးတွေဆိုပြီး ဒေသခံတွေက ပြောဆိုနေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုမရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီစစ်သားနဲ့ရဲတွေ ခဏတာ လာရောက်စစ်ဆေးပြီး ပြန်သွားခဲ့တယ်လို့လည်း အဲဒီရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။
မြို့နယ် NLD ဗဟိုအလုပ်အမူဆောင် ဦးဝင်းနိုင်ဟာ စစ်အာဏာသိမ်းမူပြီးကတည်း ရှောင်တိမ်းနေရသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကုန်းတလဘောင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲအိမ်ရာဝင်းမှာ မတ်လ ၁၂ ရက် မနက်အစောပိုင်းက တက္ကစီကားတစီးကို လူတစုက အုပ်စုဖွဲ့ လုယက်ယူဆောင်ပြီး အငှားယာဉ်မောင်းဖြစ်သူကို ဓားထိုးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မျက်မြင်တွေရဲ့ ပြောပြချက်အရ လုယက်သူတွေက ၄ ဦးလို့ သိရပြီး အသားညိုသူ ၁ ဦး၊ ဗလတောင့်သူ ၁ ဦးနဲ့ ပိန်ပိန်ပါးပါးရှိသူ ၂ ဦးလို့ သိရပါတယ်။
လုယက်သူ ၄ ဦးက အခင်းဖြစ်တဲ့နေ့မနက်ပိုင်းမှာ ထောက်ကြန့် KBZ ဘဏ်အနားကနေ ပုလဲအိမ်ရာဝန်းအထိ ကျပ် ၅၀၀၀ နဲ့ ကားငှားစီးလာကြပြီး ကားရပ်တဲ့အချိန်မှာ ယာဉ်မောင်းဖြစ်သူရဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ ညှစ်ကာ ဓားထိုးရိုက်နှက်ခဲ့ကြတဲ့အပြင် ကားကိုပါ ယူဆောင်သွားတာပါ။
ကားပိုင်ရှင်မိသားစုနဲ့ နီးစပ်သူက" အားလုံးပေါင်း ၄ ယောက်၊ ထောက်ကြန့်KBZ ဘဏ်နားကနေ အဲ့ဒီပုလဲအိမ်ရာထဲရောက်တော့မှ လုတာ၊ လုယက်ပုံက ဒရိုင်ဘာရဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ ဆွဲညှစ်တာ၊ ပြီးတော့ ဝိုင်းထိုးတာပေါ့၊ နောက်တစ်ခုက ဓားလိုဟာနဲ့ ထိုးတဲ့အချိန်မှာ ရှောင်လိုက်တော့ ပေါင် ထိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး” လို့ ပြောပါတယ်။
ရိုက်နှက်ခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ မျက်လုံး၊ သွားနဲ့ မျက်နှာတပြင်လုံး ဖူးယောင်ဒဏ်ရာ၊ ပေါင်မှာ ဓားထိပြတ်ရှ ဒဏ်ရာတို့ ရရှိခဲ့လို့ ဆေးရုံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
အဆိုပါ လုယက်မှုဖြစ်စဉ်ကို ထောက်ကြန့်နယ်မြေရဲစခန်းမှာ တိုင်တန်းချက်ဖွင့်ထားတယ်လို့ သိရပြီး ရန်ကုန်၊ သာကေတတံတားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကားတစ်စီးကို လုယက်မှုဖြစ်ပွားခဲ့တာကြောင့် ပြန်ခုခံတဲ့ ယာဉ်မောင်းဖြစ်သူ ဓားထိုးခံခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ လုယက်သူတွေကို လက်ရှိအချိန်အထိ ဖမ်းမမိသေးဘူးလို့ သိရပါတယ်။