close

မင်္ဂလာဒုံမြို့နယ်၌ တက္ကစီကို အုပ်စုဖွဲ့ ဓားထိုးရိုက်နှက် လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲအိမ်ရာဝင်းမှာ မတ်လ ၁၂ ရက် ‌မနက်အစောပိုင်းက တက္ကစီကားတစီးကို လူတစုက အုပ်စုဖွဲ့ လုယက်ယူဆောင်ပြီး အငှားယာဉ်မောင်းဖြစ်သူကို ဓားထိုးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။ 

မျက်မြင်တွေရဲ့ ပြောပြချက်အရ လုယက်သူတွေက ၄ ဦးလို့ သိရပြီး အသားညိုသူ ၁ ဦး၊ ဗလတောင့်သူ ၁ ဦးနဲ့ ပိန်ပိန်ပါးပါးရှိသူ ၂ ဦးလို့ သိရပါတယ်။ 

လုယက်သူ ၄ ဦးက  အခင်းဖြစ်တဲ့နေ့မနက်ပိုင်းမှာ ထောက်ကြန့် KBZ ဘဏ်အနားကနေ ပုလဲအိမ်ရာဝန်းအထိ ကျပ် ၅၀၀၀ နဲ့ ကားငှားစီးလာကြပြီး ကားရပ်တဲ့အချိန်မှာ ယာဉ်မောင်းဖြစ်သူရဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ ညှစ်ကာ ဓားထိုးရိုက်နှက်ခဲ့ကြတဲ့အပြင် ကားကိုပါ ယူဆောင်သွားတာပါ။ 

ကားပိုင်ရှင်မိသားစုနဲ့ နီးစပ်သူက" အား‌လုံးပေါင်း ၄ ယောက်၊ ထောက်ကြန့်KBZ ဘဏ်နားကနေ အဲ့ဒီပုလဲအိမ်ရာထဲရောက်တော့မှ လုတာ၊ လုယက်ပုံက ဒရိုင်ဘာရဲ့ လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ ဆွဲညှစ်တာ၊ ပြီး‌တော့ ဝိုင်းထိုးတာပေါ့၊ နောက်တစ်ခုက ဓားလိုဟာနဲ့ ထိုးတဲ့အချိန်မှာ ရှောင်လိုက်‌တော့ ပေါင် ထိတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး” လို့ ပြောပါတယ်။ 

ရိုက်နှက်ခံရ‌မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ မျက်လုံး၊ သွားနဲ့ မျက်နှာတပြင်လုံး ဖူးယောင်ဒဏ်ရာ၊ ပေါင်မှာ ဓားထိပြတ်ရှ ဒဏ်ရာတို့ ရရှိခဲ့လို့ ဆေးရုံပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ 

အဆိုပါ လုယက်မှုဖြစ်စဉ်ကို ထောက်ကြန့်နယ်မြေရဲစခန်းမှာ တိုင်တန်းချက်ဖွင့်ထားတယ်လို့ သိရပြီး ရန်ကုန်၊ သာကေတတံတားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကားတစ်စီးကို လုယက်မှုဖြစ်ပွားခဲ့တာကြောင့် ပြန်ခုခံတဲ့ ယာဉ်မောင်းဖြစ်သူ ဓားထိုးခံခဲ့ရတယ်လို့ သိရပြီး အဲ့ဒီ လုယက်သူတွေကို လက်ရှိအချိန်အထိ ဖမ်းမမိသေးဘူးလို့ သိရပါတယ်။

Up