မြောက်ကိုရီးယားက စနေနေ့မှာ ပဲ့ထိန်း မစ်ဇိုင်း ဒုံကျည် တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားမှာ သမ္မတသစ် ယွန်းဆွခ်ယို ရာထူးလက်ခံဖို့ သုံးရက်အလိုမှာ မြောက်ကိုးရီးယားဘက်က အခုလို အကြီးစားလက်နက် ပစ်ခတ်လိုက်တာပါ။
SLBM လို့ အတိုကောက်ခေါ်တဲ့ ရေငုပ်သင်္ဘောကနေ ပစ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်ကို မြောက်ကိုရီးယားက ရေတပ်စခန်းရှိတဲ့ ဆင်ပိုမြို့ကနေ ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယားဘက်က ခန့်မှန်းပါတယ်။
ဂျပန် အစိုးရရုပ်သံလိုင်း NHK အဆိုအရ ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ရဲ့ အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မေ ၄ ရက်တုန်းကလည်း မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းဘက်က ပဲ့ထိန်းဒုံးကျည် တစင်း ပစ်လွှတ်ခဲ့သေးတယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ပြောပါတယ်။
ဒီအတောအတွင်း မြောက်ကိုးရီးယားဟာ နယူးကလီးအင်အားကို အမြန်ဆုံး ဖွံ့ဖြိုးအောင် ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားသလို အမေရိကန် အစိုးရကလည်း မြောက်ကိုရီးယားဟာ ပုန်းဂီရီ Punggye-ri မြေအောက် နယူကလီးယား ဥမင်းလိုဏ်းကို တည်ဆောက်ပြီး နယူးကလီးယား စမ်းသပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
တောင်ကိုရီယား သမ္မတသစ်ဟာ မေ ၁၀ ရက်နေ့ ရာထူးလက်ခံဖို့ရှိပြီး မေ ၂၁ ရက်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်လည်း တောင်ကိုရီးယား နိုင်ငံခရီးစဉ် စီစဉ်ထားတာရှိနေပါတယ်။
အိန္ဒိယက မတ် ၉ ရက်မှာ မစ်ဇိုင်းဒုံးကျည်တခုကို နည်းပညာတွက်ချက်မှု လွဲမှားပြီး ပါကစ္စတန်ထဲ မတော်တဆ လမ်းကြောင်းမှား ပစ်ခတ်မိကြောင်း မတ် ၁၁ ရက်နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။
ကြေညာချက်မှာ ပါကစ္စတန်နယ်မြေထဲကို ဒုံးကျည်တခု လမ်းကြောင်းမှား ကျရောက်ခဲ့တဲ့အတွက် တောင်းပန်ကြောင်းနဲ့ အသက်ဆုံးရှုံးမှုတွေ မရှိတဲ့အတွက် စိတ်သက်သာရာရကြောင်း ဖော်ပြထားပါတယ်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အစ္စလာမ်မာဘတ်မြို့ရှိ အိန္ဒိယသံအမတ်ကို ခေါ်ယူပြီး ခရီးသည်လေယာဉ်တွေနဲ့ အရပ်သားတွေကို ထိခိုက်နိုင်တာကြောင့် အဆိုပါပေါ့ဆမှုမျိုး ထပ်မဖြစ်စေဖို့နဲ့ ပါကစ္စတန်ဝေဟင်ထဲ ကျူးကျော်ဝင်ရောက်မှုက စိန်ခေါ်မှုတွေ ဖြစ်လာ နိုင်ကြောင်း သတိပေးခဲ့ပါတယ်။
နျူကလီးယားလက်နက် ကိုယ်စီပိုင်ဆိုင်ထားတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယား ဒေသမှာ နယ်မြေအငြင်းပွားမှု ဖြစ်လေ့ရှိပြီး စစ်ပွဲကြီး ၃ ပွဲနဲ့ စစ်ပွဲငယ် မြောက်များစွာ ဖြစ်ခဲ့တာပါ။