မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းအုပ်စုမှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းလာတဲ့ ကားလေး ၄ စီးပါ စစ်ကောင်စီ ယာဥ်တန်းကို ဒီဇင်ဘာ ၁၅ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) ကပြောပါတယ်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းဟာ ဓားစာခံအဖြစ် ပြည်သူ ၃ ယောက်လောက်ကိုလည်း ခေါ်ဆောင်လာတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။
ပကဖ (မတ္တရာ) ရဲ့ တာဝန်ရှိသူတဦးက “အဲ့ဒီကားတန်းမှာ ဓားစာခံတွေ ပါတယ်။ ကားတန်းကို ဆွဲတဲ့အခါမှာ ဓားစာခံတွေပါတဲ့ကားကို လွှတ်ပေးပြီးတော့ စက်လတ်ပါတဲ့ ကားကိုပဲ ဒဲ့ထိအောင် ကျနော်တို့ ကြိုးစားဆွဲရတာပေါ့။ ဓားစာခံတွေက လွန်ခဲ့တဲ့ သုံးလလောက်တည်းက လမိုင်းအုပ်စုထဲက ဖမ်းသွားတဲ့သူတွေကို ပြန်ခေါ်လာတာ” လို့ ပြောပါတယ်။
အဆိုပါယာဉ်တန်းဟာ မနက် ၈ နာရီလောက်က မတ္တရာကနေ ယာဉ်ငယ်ငါးစီးနဲ့ မတ္တရာအရှေ့ခြမ်းကို ရောက်ရှိလာပြီး အခင်းတောမှာ ဆောက်ထားတဲ့ လူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီးအပြန် မိုင်းကွင်းအတွင်းရောက်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပကဖ(မတ္တရာ) ထံက သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီယာဥ်တန်းပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ကြပေမဲ့ ပ.က.ဖ-မတ္တရာ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ပကဖ(မတ္တရာ) ရဲ့ တာဝန်ရှိသူတဦးက “အန္တရာယ်ကင်းရှင်းရေးသည် ပထမ၊ စစ်ဆင်ရေးသည် ဒုတိယဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျနော်တို့တပ်ဖွဲ့သည် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးထားတဲ့အတွက် မစ်ရှင်တွေဆောင်ရွက်တဲ့အပိုင်းမှာ ကျနော်တို့ နည်းနည်းလေး အကြိမ်ရေနည်းတာတော့ရှိတယ်။ မိဘပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းရှင်းရေးနဲ့ တော်လှန်ရေးကလည်း ကာလရှည်ဖြစ်တဲ့အတွက် ကျနော်တို့ ဒီပေါ်မှာ မိဘပြည်သူတွေအနေနဲ့ စိတ်ရှည်ဖို့နဲ့ နောက်တခုကတော့ ကျနော်တို့ အဓိကမက်ဆေ့ချ်ပေးချင်တာကတော့ ပြည်တွင်းမှာရှိတဲ့ ကူညီပေးသူတွေကနေပြီးတော့ ပကဖ(မတ္တရာ) ကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။
မတ္တရာအရှေ့ပိုင်းနယ်မှာ စစ်ကောင်စီတပ်တွေဟာ ကင်းရွာ၊ သဖန်းကိုင်း၊ ရုန်းပင် စတဲ့နယ်တွေမှာ အင်အား ၂၀၀ လောက်နဲ့ စခန်းချကာ ရွာစဉ်ပတ်ပြီး မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးနေပါတယ်။
မန္တလေးတိုင်း မတ္တရာမြို့နယ် သမဝါယမရုံး ဦးစီးအရာရှိ ဦးသောင်းကြိုင်ကို ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းက ရုံးအတွင်းမှာ အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။
ဦးစီးအရာရှိဖြစ်သူ ဦးသောင်းကြိုင်ဟာ ရုံးခန်းအတွင်း တဦးတည်းရှိနေစဉ်မှာ လူနှစ်ဦးက သမဝါယမချေးငွေကိစ္စနဲ့ တွေ့ခွင့်တောင်းဝင်ရောက်ကာ နှဖူးကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ မတ္တရာမြို့နယ်သမဝါယမရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“သမဝါယမချေးငွေကိစ္စနဲ့ပတ်သတ်ပြီး ဦးစီးအရာရှိနဲ့ စကားပြောဖို့ရာဆိုပြီး ရုံးခန်းအတွင်း ဝင်ရောက်သွားတာ သေနတ်သံကြားရတယ်။ ရုံးထဲကလူတွေကလည်း အကုန်လန့်ဖြန့်ကုန်တယ်။ နှဖူးတည့်တည့်တချက် ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေတာ။ လက်နက်က ပစ္စတိုဖြစ်တယ်လို့ ရဲက ပြောတယ်။”
ဦးသောင်းကြိုင် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မတ္တရာမြို့ပေါ်နဲ့ ဒေသတွင်းရှိ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းအတွင်းမှာတော့ အခုလို ဌာနဆိုင်ရာရုံးခန်းအတွင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့စည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မတ္တရာမြို့နယ် သမဝါယမရုံးမှ CDM ပြုလုပ်ထားတဲ့ ဒုဦးစီးမှုး ဦးရဲသူနိုင်ဟာ တိမ်းရှောင်နေရာမှ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီးနောက် ၁၀ ရက်အကြာမှာ သတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။