close

မတ္တရာမြို့နယ်တွင် ဓားစာခံဖမ်းဆီးခေါ်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းအုပ်စုမှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းလာတဲ့ ကားလေး ၄ စီးပါ စစ်ကောင်စီ ယာဥ်တန်းကို ဒီဇင်ဘာ ၁၅ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) ကပြောပါတယ်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းဟာ ဓားစာခံအဖြစ် ပြည်သူ ၃ ယောက်လောက်ကိုလည်း ခေါ်ဆောင်လာတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။

ပကဖ (မတ္တရာ) ရဲ့ တာဝန်ရှိသူတဦးက “အဲ့ဒီကားတန်းမှာ ဓားစာခံတွေ ပါတယ်။ ကားတန်းကို ဆွဲတဲ့အခါမှာ ဓားစာခံတွေပါတဲ့ကားကို လွှတ်ပေးပြီးတော့ စက်လတ်ပါတဲ့ ကားကိုပဲ ဒဲ့ထိအောင် ကျနော်တို့ ကြိုးစားဆွဲရတာပေါ့။ ဓားစာခံတွေက လွန်ခဲ့တဲ့ သုံးလလောက်တည်းက လမိုင်းအုပ်စုထဲက ဖမ်းသွားတဲ့သူတွေကို ‌ပြန်ခေါ်လာတာ” လို့ ပြောပါတယ်။

အဆိုပါယာဉ်တန်းဟာ မနက် ၈ နာရီလောက်က မတ္တရာကနေ ယာဉ်ငယ်ငါးစီးနဲ့ မတ္တရာအရှေ့ခြမ်းကို ရောက်ရှိလာပြီး အခင်းတောမှာ ဆောက်ထားတဲ့ လူနေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီးအပြန် မိုင်းကွင်းအတွင်းရောက်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပကဖ(မတ္တရာ) ထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီယာဥ်တန်းပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်ခဲ့ကြပေမဲ့ ပ.က.ဖ-မတ္တရာ တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ပကဖ(မတ္တရာ) ရဲ့ တာဝန်ရှိသူတဦးက “အန္တရာယ်ကင်းရှင်းရေးသည် ပထမ၊ စစ်ဆင်ရေးသည် ဒုတိယဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျနော်တို့တပ်ဖွဲ့သည် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးထားတဲ့အတွက် မစ်ရှင်တွေ‌ဆောင်ရွက်တဲ့အပိုင်းမှာ ကျနော်တို့ နည်းနည်းလေး အကြိမ်ရေနည်းတာတော့ရှိတယ်။ မိဘပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းရှင်းရေးနဲ့ တော်လှန်ရေးကလည်း ကာလရှည်ဖြစ်တဲ့အတွက် ကျနော်တို့ ဒီပေါ်မှာ မိဘပြည်သူတွေအနေနဲ့ စိတ်ရှည်ဖို့နဲ့ နောက်တခုကတော့ ကျနော်တို့ အဓိကမက်ဆေ့ချ်ပေးချင်တာကတော့ ပြည်တွင်းမှာရှိတဲ့ ကူညီပေးသူတွေကနေပြီးတော့ ပကဖ(မတ္တရာ) ကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။

မတ္တရာအရှေ့ပိုင်းနယ်မှာ စစ်ကောင်စီတပ်တွေဟာ ကင်းရွာ၊ သဖန်းကိုင်း၊ ရုန်းပင် စတဲ့နယ်တွေမှာ အင်အား ၂၀၀ လောက်နဲ့ စခန်းချကာ ရွာစဉ်ပတ်ပြီး မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up