close

မနုတ်ထွက်

close

January 21, 2022

ပါတီပွဲကျင်းပခဲ့မှုကြောင့် ရာထူးက မနုတ်ထွက်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ ပါတီပွဲကျင်းပခဲ့မှုအပေါ် ပြည်တွင်းမှာ အကြီးအကျယ် ဖိအားပေးခံနေရတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သူရာထူးက နုတ်ထွက်မှာမဟုတ်ဘူးလို့ ပါလီမန်ကို ‌ပေါ်တင်ပဲ ပြောကြားခဲ့ပါတယ်။  

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချထားတဲ့ကာလအတွင်း ဝန်ကြီးချုပ်နေအိမ်နဲ့ ရုံးအတွင်း ပါတီပွဲကျင်းပခဲ့တဲ့ ဘောရစ်ဂျွန်ဆင်ကို သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီအမတ်တွေကပါ ဒေါသထွက်နေပြီး ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြတာပါ။

ဇန်နဝါရီ ၁၉ ရက် ပါလီမန်အစည်းအဝေးမှာ အတိုက်အခံလေဘာပါတီခေါင်းဆောင် ကီယာ စတာမာ က ဝန်ကြီးချုပ်အနေနဲ့ ဗြိတိသျှဘုရင်မကြီးကို ဝန်ချတောင်းပန်ခဲ့ရပြီးနောက် ရာထူးက  နုတ်ထွက်သင့်နေပြီ မဟုတ်ဘူးလားလို့ တိုက်ရိုက်မေးတာကို ဂျွန်ဆင်က မနုတ်ထွက်နိုင်ပါဘူးလို့  တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး အပြီးအပြတ်ဆောင်ရွက်မယ့် "Get Brexit Done" ကတိကဝတ်နဲ့ ၂၀၁၉ မှာ သူ့ပါတီ နေရာအများစုရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒေါင်းနင်းလမ်းပါတီပွဲ ကျင်းပမှု အတော်များများကို သူသတိမထားမိခဲ့ဘူးလို့ အကြိမ်ကြိမ် ဝန်ချတောင်းပန်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူး တည်မြဲဖို့ ကြိုးစားနေရပါတယ်။ 

7 mins Ago

October 28, 2020

ထိုင်းဝန်ကြီးချုပ် မနုတ်ထွက်၍ အတိုက်အခံပါတီအမတ်က လက်မောင်းသွေးဖောက် ဆန္ဒပြ 

ထိုင်းနိုင်ငံမှာ အခြေခံဥပဒေပြင်ဆင်ရေး၊ လွှတ်တော်ဖျက်သိမ်းရေး၊ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေ အရှိန်မြှင့်လာတဲ့နောက် နိုင်ငံရေးပြဿနာပြေလည်ဖို့ ထိုင်းအမျိုးသားလွှတ်တော် အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ နှစ်ရက်တိုင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။  အဲဒီနှစ်ရက်လုံးမှာ အတိုက်အခံပါတီတွေဘက်က ဝန်ကြီးချုပ်အနေနဲ့ နုတ်ထွက်ပေးဖို့ ပြောဆိုပြီး အာဏာရပါတီနဲ့ အထက်လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ် နုတ်မထွက်ဖို့ ဆွေးနွေးကာ နှစ်ဘက် လွန်ဆွဲနေခဲ့ပါတယ်။   မနေ့က အစည်းအဝေးမှာ ချင်းရိုင်းခရိုင် ဖွေ့ထိုင်းပါတီ လွှတ်တော်ကိုယ်စားလှယ် နိုင်းဝိဆန် ဒေချထီလာဝပ်က ဘယ်သူမှ ထင်မှတ်မထားတဲ့ လုပ်ရပ်တစ်ခုကို ရုတ်တရက် လုပ်လိုက်လို့ လွှတ်တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။  နိုင်းဝိဆန်က “လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျ၊ ကျနော့်ကို ခွင့်ပြုပါ၊ လက်မောင်းသွေးဖောက်ပြီး ဝန်ကြီးချုပ် မြင်အောင်ပြပါရစေ၊ ဒါကျနော့်ရဲ့ ကြိုးစားမှု၊ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး ဝိရောဓိကြောင့် သွေးချောင်းစီးရတဲ့အဖြစ်မျိုး ဟောဒီက ကျနော့်လက်မောင်းသွေးက နောက်ဆုံး သွေးစက်တွေပဲ ဖြစ်ပါရစေ၊ ဟောဒီမှာ ယူလိုက်ပါ ၃ ကြောင်း (သွေးစီးကြောင်း)၊ ဝန်ကြီးချုပ်အနေနဲ့ တိုင်းပြည်အတွက် အာဏာရှင်လုပ်မလား သူရဲကောင်းလုပ်မလား” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဆရာဝန် ရောက်လာပြီး နိုင်းဝိဆန်ကို နီးစပ်ရာဆေးရုံခေါ်သွားတာမှာ ဓား ဒဏ်ရာ ၉ ချက် ချုပ်လိုက်ရတယ်လို့ ဆိုပါတယ်။  နိုင်းဝိဆန် ဆေးရုံကဆင်းလာတဲ့နောက် သူဟာ ကျောင်းသားလေးတွေ ဆန္ဒပြနေကြတာ မြင်ရတော့ အလွန်စိတ်မသက်မသာဖြစ်ရကြောင်း၊ တင်းမာနေတဲ့ နိုင်ငံရေးအခြေအနေကြောင့် မွန်းကြပ်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်လိုစိတ်ပေါက်ခဲ့ကြောင်း၊ သူတို့အနာဂတ်အတွက် တောင်းဆိုနေကြတဲ့ ကလေးတွေအတွက် တစုံတခုလုပ်ပေးချင်စိတ်နဲ့ လုပ်ချလိုက်ခြင်းသာဖြစ်ပြီး အားလုံးကို တောင်းပန်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။  အဲဒီနောက် လွှတ်တော်ဥက္ကဋ္ဌ ချွန်းလီဖိုင်းကိုလည်း ဝန်ချတောင်းပန်ခဲ့ပါတယ်။ သူဟာ လွှတ်တော်ထဲကို ဓားယူဆောင်လာခြင်းမဟုတ်ဘဲ  လွှတ်တော်စားသောက်ခန်းထဲက သစ်သီးခွဲတဲ့ ဓားကို ခဏငှားရမ်းခဲ့တာလို့ ဆိုပါတယ်။  လွှတ်တော်ဥက္ကဋ္ဌကလည်း အမှန်တော့ ဒါမျိုးမလုပ်သင့်ကြောင်၊ နိုင်ငံရေးကိစ္စမှာ သည်းခံရမယ်၊ ဒီမိုကရေစီရေးမှာ သည်းခံရမယ်၊ ဘယ်အရာမှလွယ်လွယ်နဲ့မဖြစ်နိုင်ဘူး၊ သည်းခံပြီးရင်း သည်းခံရမယ်လို့ ပြောကြားခဲ့ပါတယ်။  ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကတော့ လက်ရှိပြဿနာတွေအားလုံး သူ့အပေါ်မှာပဲ ပုံချနေကြကြောင်း၊ ရှပ်နီရှပ်ဝါပဋိပက္ခကြောင့် ယိုယွင်းမယ့်တိုင်းပြည်အခြေအနေကို သူဝင်ထိန်း သိမ်းခဲ့တာ၊ ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ကာလတွေအတွင်း သူလုပ်ဆောင်ခဲ့တာတွေ၊ အောင်မြင်ခဲ့ တာတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်ခဲ့တာတွေကိုတော့ ထည့်မပြောကြကြောင်း၊ သူ့အ နေနဲ့ရာထူးကနေ နုတ်မထွက်တာဟာ ပြဿနာကို ရှောင်ကွင်းတဲ့နည်းနဲ့မဖြေရှင်းဘဲ ရင်ဆိုင်တဲ့ နည်းနဲ့ဖြေရှင်းချင်လို့ နေနေခြင်းသာဖြစ်တယ်၊ ထိုင်းလူမျိုးအချင်းချင်း ပြေလည်အောင်ညှိနှိုင်းရင်ရမယ် ယုံကြည်တယ်လို့ လွှတ်တော်ထဲမှာ ပြောပါတယ်။  ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုတဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေး အဖြေရှာနည်းကို သဘောတူပြီး ဆန္ဒပြသူတွေဘက်က ကိုယ်စားလှယ်တွေ ရွေးလာဖို့၊ ဒါပေမဲ့ ဆန္ဒပြသူတွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်မရှိဘဲ လူတိုင်းက ခေါင်းဆောင်လိုဖြစ်နေလို့ တွေ့ဆုံဆွေးနွေးမယ့်နေရာကို ကျယ်ကျယ်ပြန့်ပြန့်နေရာမှာ ရွေးကြပေါ့လို့ ပြောသွားပါတယ်။  မနေ့က လွှတ်တော်အစည်းအဝေးမှာ နှစ်ဘက်အသံကို တရားမျှတစွာနားထောင်ပေးမယ့်၊ စေ့စပ်ညှိနှိုင်းပေးမယ့် ဘက်မလိုက်သော ကော်မတီတရပ်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြပါတယ်။  ကိုးကား - ချနယ်လ် ၃ ထိုင်းတီဗွီ
1 year Ago
Up