ပါတီပွဲကျင်းပခဲ့မှုကြောင့် ရာထူးက မနုတ်ထွက်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးမှာ ပါတီပွဲကျင်းပခဲ့မှုအပေါ် ပြည်တွင်းမှာ အကြီးအကျယ် ဖိအားပေးခံနေရတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သူရာထူးက နုတ်ထွက်မှာမဟုတ်ဘူးလို့ ပါလီမန်ကို ပေါ်တင်ပဲ ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်းချထားတဲ့ကာလအတွင်း ဝန်ကြီးချုပ်နေအိမ်နဲ့ ရုံးအတွင်း ပါတီပွဲကျင်းပခဲ့တဲ့ ဘောရစ်ဂျွန်ဆင်ကို သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီအမတ်တွေကပါ ဒေါသထွက်နေပြီး ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြတာပါ။
ဇန်နဝါရီ ၁၉ ရက် ပါလီမန်အစည်းအဝေးမှာ အတိုက်အခံလေဘာပါတီခေါင်းဆောင် ကီယာ စတာမာ က ဝန်ကြီးချုပ်အနေနဲ့ ဗြိတိသျှဘုရင်မကြီးကို ဝန်ချတောင်းပန်ခဲ့ရပြီးနောက် ရာထူးက နုတ်ထွက်သင့်နေပြီ မဟုတ်ဘူးလားလို့ တိုက်ရိုက်မေးတာကို ဂျွန်ဆင်က မနုတ်ထွက်နိုင်ပါဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး အပြီးအပြတ်ဆောင်ရွက်မယ့် "Get Brexit Done" ကတိကဝတ်နဲ့ ၂၀၁၉ မှာ သူ့ပါတီ နေရာအများစုရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒေါင်းနင်းလမ်းပါတီပွဲ ကျင်းပမှု အတော်များများကို သူသတိမထားမိခဲ့ဘူးလို့ အကြိမ်ကြိမ် ဝန်ချတောင်းပန်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူး တည်မြဲဖို့ ကြိုးစားနေရပါတယ်။