မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေး၊ အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံး နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အမှုအမှတ် ၆၊ ၇၊ ၈ တို့အတွက် ထောင်ဒဏ် ၅ နှစ်စီ၊ အမှုအမှတ် ၉ နဲ့ ၁၀ အတွက် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်ကို စစ်ကောင်စီတရားရုံးက ဇွန် ၁၇ ရက်မှာ ထပ်မံချမှတ်ခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီအထဲက သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး အခုအမှုတွေနဲ့ဆိုရင် စုစုပေါင်းထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင် စွဲဆိုခံထားရတဲ့ အဂတိအမှု ၅ ခုစလုံးအတွက် အပြီးသတ်အမိန့်ချဖို့ တရားရုံးက ဇွန် ၁၄ ရက် ရုံးချိန်းမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက အဂတိအမှု နံပါတ် ၇၊ ၈ တို့ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်ခဲ့တဲ့အမှုတွေ ဖြစ်ပါတယ်။ အမှုနံပါတ် ၆ ကတော့ ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်ရဲ့တပည့်ကနေ ဘတ်ငွေ ၃ သိန်းပေးခဲ့တာကို လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မတ် ၈ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှာ အဂတိအမှု ၅ ခုအတွက် စစ်ကောင်စီလက်အောက်ခံ တရားရုံးက စွဲချက်တင်ခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတိုင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိန်တင်က တရားလိုအဖြစ် စစ်ကောင်စီကိုယ်စား တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဓိက တရားလိုပြသက်သေတဦးဖြစ်တဲ့ ဦးမောင်ဝိတ်က ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးမကောင်းတာကြောင့် ငွေကြေးလှူဒါန်းတာသာ ဖြစ်တဲ့အပြင် သူ့အဖေနဲ့ အဖိုးတို့ဟာ ကင်ဆာကြောင့် ကွယ်လွန်ခဲ့ရတာမို့ လှူတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါက်တာဇော်မြင့်မောင်ကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူး ရယူထားချိန်မှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တွေ တင်ခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့တဲ့အတွက် သူ့မှာအပြစ်မရှိဘူးလို့ ရုံးချိန်းတွေမှာ ထွက်ဆိုခဲ့ပါတယ်။
ဦးမောင်ဝိတ်ကလည်း အလှူငွေတွေကို ဒီအတိုင်းထားခဲ့တာသာဖြစ်ပြီး သူသွားတဲ့အချိန်တိုင်းမှာ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာကြောင့် အိပ်နေတယ်လို့ ထွက်ဆိုထားပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာ အပြင်းအထန် ခံစားနေရချိန်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်တာဝန်အပြင် ပါတီတာဝန်တွေအား တခြားသူတွေကို ခေတ္တလွှဲအပ်ထားခဲ့ရပါတယ်။
အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေး မကောင်းတဲ့တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် သက်သေအဖြစ် တရားရုံးမှာ လာရောက် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိဘူးလို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရ ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားလို စစ်ကောင်စီဘက်က တရားစွဲဆိုထားတဲ့ သဘာဝဘေးစီမံအမှုအတွက် နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံးမှာ ရုံးချိန်းခေါ်ဆိုခဲ့ပြီး သက်သေအဖြစ်ထွက်ဆိုမယ့် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကျန်းမာရေးမကောင်းလို့ ရုံးချိန်းကို မလာနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးခံစားနေရတဲ့အတွက် ခရီးသွားခွင့်မပြုသင့်ကြောင်း စစ်ကောင်စီကျန်းမာရေးအရာရှိရဲ့ဆေးလက်မှတ်ကို တရားသူကြီးက ပြသခဲ့တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် တရားရုံးကဆင့်ခေါ်စာကို ဒေါက်တာဇော်မြင့်မောင်က လက်ခံရရှိခဲ့ပေမယ့် ကျန်းမာရေးအရရုံးချိန်းကိုမလာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရှေ့နေက ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်းဖရင့်ကနေတဆင့် သက်သေခံချက်ထွက်ဆိုဖို့ အကြံပြုခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ သက်သေခံချက်ကို ဘယ်လိုနည်းနဲ့ရယူမယ်ဆိုတဲ့သဘောထားကို နောက်ရုံးချိန်း နိုဝင်ဘာ ၃၀ ရက်မှ တရားရုံးကို ပြန်လည်တင်ပြသွားဖို့ရှိနေပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ ရုံးချိန်းကြရင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ ၃ ဦးတွဲ အစွဲခံထားရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အမှုကို အပြီးသတ် အမိန့်ချဖို့ရှိနေပါတယ်။
နိုဝင်ဘာ ၃၀ ရက်မှာပဲ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စစ်ကောင်စီကစွဲဆိုထားတဲ့ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ စွပ်စွဲထားတဲ့ အမှု ၂ ခုကိုလည်း အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုစွဲဆိုထားတဲ့ သဘာဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးကဆုံးဖြတ်ခဲ့တာကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အချိန်တစ်ပတ်အတွင်းမှာ ပုဒ်မ ၃ ခုအတွက် အပြီးသတ်စီရင်ချက်ချတာကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။