close

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးမကောင်းသဖြင့် အမှုသက်သေ မထွက်ဆိုနိုင်

အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေး မကောင်းတဲ့တာကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် သက်သေအဖြစ် တရားရုံးမှာ လာရောက် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိဘူးလို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရ ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားလို စစ်ကောင်စီဘက်က တရားစွဲဆိုထားတဲ့ သဘာဝဘေးစီမံအမှုအတွက် နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံးမှာ ရုံးချိန်းခေါ်ဆိုခဲ့ပြီး သက်သေအဖြစ်ထွက်ဆိုမယ့် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကျန်းမာရေးမကောင်းလို့  ရုံးချိန်းကို မလာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ အပါအဝင် ရောဂါအမျိုးမျိုးခံစားနေရတဲ့အတွက် ခရီးသွားခွင့်မပြုသင့်ကြောင်း စစ်ကောင်စီကျန်းမာရေးအရာရှိရဲ့ဆေးလက်မှတ်ကို တရားသူကြီးက ပြသခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်သေအဖြစ် တရားရုံးကဆင့်ခေါ်စာကို ဒေါက်တာဇော်မြင့်မောင်က  လက်ခံရရှိခဲ့ပေမယ့် ကျန်းမာရေးအရရုံးချိန်းကိုမလာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရှေ့နေက ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်းဖရင့်ကနေတဆင့် သက်သေခံချက်ထွက်ဆိုဖို့ အကြံပြုခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင်တွေရဲ့ရှေ့နေအဖွဲ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ သက်သေခံချက်ကို ဘယ်လိုနည်းနဲ့ရယူမယ်ဆိုတဲ့သဘောထားကို နောက်ရုံးချိန်း နိုဝင်ဘာ ၃၀ ရက်မှ တရားရုံးကို ပြန်လည်တင်ပြသွားဖို့ရှိနေပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ ရုံးချိန်းကြရင် သမ္မတဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် မြို့တော်ဝန်  ဒေါက်တာမျိုးအောင်တို့  ၃ ဦးတွဲ အစွဲခံထားရတဲ့ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(ခ)အမှုကို အပြီးသတ် အမိန့်ချဖို့ရှိနေပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာပဲ  သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို  စစ်ကောင်စီကစွဲဆိုထားတဲ့ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ စွပ်စွဲထားတဲ့ အမှု ၂ ခုကိုလည်း အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုစွဲဆိုထားတဲ့ သဘာဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးကဆုံးဖြတ်ခဲ့တာကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အချိန်တစ်ပတ်အတွင်းမှာ ပုဒ်မ ၃ ခုအတွက် အပြီးသတ်စီရင်ချက်ချတာကို  ရင်ဆိုင်ရဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up