မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီကားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဩဂုတ် ၂ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ကြားရေးအဖွဲ့က ဩဂုတ် ၃ ရက် နေ့လယ်က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၂ ရက် မနက် ၈ နာရီလောက်မှာ နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစားကျေးရွာကြားမှာ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေ လိုက်ပါလာတဲ့ ကားနှစ်စီးနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ြကားရေးအဖွဲ့က ဗိုလ်တောက်ထွန်း (MBTT) က “အလုံးရေက တော်တော်များများ ကွဲကြတယ်။ ပဒေသာမိုင်းပေါ့၊ ၁၃ လုံးမိုင်းကို လာတဲ့ကားကို (--)ကား ၂ စီးပေါ့နော ခွဲတာပေါ့။ ခွဲပြီးတော့ သူတို့ကားရပ်ပြီးတော့ နောက်ပိုင်း ကားပါဆွဲပြီးတော့ ချောင်းဦးဘောလုံးကွင်းထဲ မောင်းသွားတာပေါ့” လို့ ပြောပါတယ်။
အဲဒီနောက် မန္တလေးမှ မုံရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၁၅ စီးပါ ယာဥ်တန်းကို ညနေ ၄ နာရီလောက်မှာ ရေပိုးစားကျေးရွာအနီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၄ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်တောက်ထွန်း(MBTT) က “၄ နာရီဝန်းကျင်ကျ မန္တလေးကနေ လာတာတော့ ကားကြီးတွေ ၃၂ စီးပေါ့နော။ ဒါပေမဲ့ သူတို့လာတာက ၃၂ စီးလုံး တန်းပြီးတော့မလာဘူး။ ၁၅ စီးတဖြတ်၊ ၁၆ စီးတဖြတ်၊ ဖြတ်လာတာ။ အဲဒါကို ကျနော်တို့က ပဒေသာ ၄ လုံးမိုင်းနဲ့ ခွဲလိုက်တာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှု ၂ ခုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၁၅ ယောက် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း အတွင်းသတင်းအရ သိရှိရပါတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ြကားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှု ၂ ခုကို မိုင်းပဒေသာ အလုံး ၃၀ အသုံးပြုခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၅ သိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗိုလ်တောက်ထွန်း (MBTT)၊ မြောင်မြို့နယ်ပကဖ၊ ဗိုလ်နေတိုးပြောက်ကျားအထူးအဖွဲ့ (B.N.T)၊ လျှပ်တပြက်စွန်ညိုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာကားလမ်း ရေပိုးစားရွာနဲ့ ဂွေးပင်တောရွာကြားမှာ မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီ ၁၉ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်း ၈ လုံးကို တွေ့ရှိသွားချိန်မှာ လာသမျှကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးခဲ့ပြီး အရပ်သားကားတွေ မရှိတော့တဲ့အချိန်မှာ ကျန်နေတဲ့မိုင်းတွေကို ခွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို မြောင်မြို့နယ် ပကဖ CDSOM၊ ချောင်းဦးတော်လှန်ရေးတပ်မတော် (CRA)၊ တောင်သူလယ်သမား တော်လှန်ရေးအင်အားစု (FRF)၊ Black Eagle Defense Force – MMU နဲ့ ကန္တာရသိန်းငှက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ မြင်းမူမြို့ရှောင်လမ်းမှာလည်း ဧပြီ ၁၉ ရက် ညနေ ၃ နာရီလောက်က စစ်ကိုင်းကနေ မုံရွာဘက်ကို သွားတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းဆွဲတိုက်လိုက်တာကို DK PDF က ဦးဆောင်ပြီး အာဏာစနစ်တိုက်ဖျက်ရေးပြည်သူ့ကာကွယ်ရေးတပ် (PAFD)နဲ့ စစ်ကိုင်းမြေအောက်တပ်ဖွဲ့ (SUGF) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
PAFD တပ်ဖွဲ့ တာဝန်ရှိသူတဦးက “မိုင်းဆွဲမယ့်နေရာရောက်တော့သူတို့ကမြင်တော့ ဆင်းပစ်မလို့လုပ်တုန်း ကျနော်တို့ကဆွဲတာ။ သူတို့ မပစ်နိုင်လိုက်ဘူး။ စစ်ကောင်စီတပ်သား အကျအရှုံးတော့ရှိတယ်” လို့ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ကားတစီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။