မန္တလေး-မုံရွာကားလမ်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာကားလမ်း ရေပိုးစားရွာနဲ့ ဂွေးပင်တောရွာကြားမှာ မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဧပြီ ၁၉ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်း ၈ လုံးကို တွေ့ရှိသွားချိန်မှာ လာသမျှကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ရှာဖွေစစ်ဆေးခဲ့ပြီး အရပ်သားကားတွေ မရှိတော့တဲ့အချိန်မှာ ကျန်နေတဲ့မိုင်းတွေကို ခွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို မြောင်မြို့နယ် ပကဖ CDSOM၊ ချောင်းဦးတော်လှန်ရေးတပ်မတော် (CRA)၊ တောင်သူလယ်သမား တော်လှန်ရေးအင်အားစု (FRF)၊ Black Eagle Defense Force – MMU နဲ့ ကန္တာရသိန်းငှက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ မြင်းမူမြို့ရှောင်လမ်းမှာလည်း ဧပြီ ၁၉ ရက် ညနေ ၃ နာရီလောက်က စစ်ကိုင်းကနေ မုံရွာဘက်ကို သွားတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းဆွဲတိုက်လိုက်တာကို DK PDF က ဦးဆောင်ပြီး အာဏာစနစ်တိုက်ဖျက်ရေးပြည်သူ့ကာကွယ်ရေးတပ် (PAFD)နဲ့ စစ်ကိုင်းမြေအောက်တပ်ဖွဲ့ (SUGF) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
PAFD တပ်ဖွဲ့ တာဝန်ရှိသူတဦးက “မိုင်းဆွဲမယ့်နေရာရောက်တော့သူတို့ကမြင်တော့ ဆင်းပစ်မလို့လုပ်တုန်း ကျနော်တို့ကဆွဲတာ။ သူတို့ မပစ်နိုင်လိုက်ဘူး။ စစ်ကောင်စီတပ်သား အကျအရှုံးတော့ရှိတယ်” လို့ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ကားတစီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။