ဇွန်လကုန်ပိုင်းနဲ့ ဇူလိုင်လဆန်းအတွင်းမှာ ပြည်ကြီးတံခွန် ပစ်ခတ်မှု၊ လေးမျက်နှာဘုရားဝင်းအတွင်းက စစ်ကောင်စီစခန်းကိုဖောက်ခွဲမှု၊ မန္တလေးအဆင့်မြင့်ရဲ စခန်းဖောက်ခွဲမှု၊ ပုသိမ်ကြီးလှည့်ကင်းရဲနှစ်ယောက်ကို ပစ်ခတ်ချေမှုန်းမှုအပါအဝင် တိုက်ခိုက်ဖောက်ခွဲမှုပေါင်း ၂၀ ကျော်ကို မန္တလေး PDF က ဆောင်ရွက်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ ချမ်းမြသာစည်လျှပ်စစ်ရုံးဖောက်ခွဲမှု၊ တောင်မြို့ အမရပူရ လျှပ်စစ်ရုံးဖောက်ခွဲမှုတွေကိုလည်း မန္တလေး PDF က ဆောင်ရွက်ခဲ့တာလို့ အတည်ပြုပါတယ်။
ဇွန်လ နောက်ဆုံးရက်သတ္တပတ်က စစ်ကောင်စီကို ကူညီပေးနေတဲ့ ဒလန် ၄ ယောက်ကိုရှင်းလင်းခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ စစ်ကောင်စီကို အားပေးသူတွေနဲ့ ဆက်စပ်နေရာတွေမှာ ဗုံး ၄၂ လုံး ဖောက်ခွဲခဲ့ပါတယ်လို့ မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်တာဟာ မန္တလေးပြည်သူတွေရဲ့ ကူညီအားပေးမှုကြောင့်ဖြစ်ပြီး ဆက်လက်အားပေးကူညီဖို့လည်း တိုက်တွန်းပါတယ်။
“ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ၊ ဗုံးပေါက်တဲ့နေရာတွေကို အင်တာနက်ပေါ် မတင်ဘဲ ကျနော်တို့ကို ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။
ဇွန်လ ၂၂ ရက်က MDY-PDF ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာမှာ စစ်ကောင်စီဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး PDF ဘက်က နှစ်ဦးကျဆုံး၊ ၆ ဦး အဖမ်းခံခဲ့ရကြောင်း၊ အဲ့ဒီနောက်ပိုင်းမှာ ပိုပြီးစနစ်ကျတဲ့ ပြောက်ကျားစနစ်ကို ဖော်ဆောင်ပြီး လှုပ်ရှားခဲ့တယ်လို့ မန္တလေး PDF ခေါင်းဆောင်က ပြောပါတယ်။
မန္တလေး PDF အနေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
မန္တလေးမြို့ပစ်ခတ်မှု ဖြစ်စဉ်မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့က RPG လက်နက်ကြီး အသုံးပြုခဲ့ကြောင်း ရုပ်သံဗီဒီယိုတစ်ခု ဒီဗွီဘီက ရရှိခဲ့ပါတယ်။
ဒီဗီဒီယို အသေးစိတ်ကို အတည်မပြုနိုင်ပေမယ့် လက်နက်ကြီးနဲ့ အပစ်ခံရပြီး ၂ ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က ဒီဗွီဘီကို ပြောကြားထားပါတယ်။
လတ်တလော အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပြန်အလှန်တိုက်ခိုက်မှုမှာ ပြည်သူတွေရဲ့ အကူအညီတွေ များစွာလိုအပ်တယ်လို့ မန္တလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)က ထုတ်ပြန်ထားပါတယ်။
PDF တပ်တွေနဲ့ပတ်သက်ပြီး မိဘပြည်သူတွေအနေနဲ့ ဓာတ်ပုံဗီဒီယိုရိုက်ကူးထားပါက PDF-Mdy ရဲ့ လုံခြုံရေးကို ကူညီ သောအားဖြင့် လူမှုကွန်ရက် ဆိုရှယ်မီဒီယာ ပေါ်တင်တာတွေ၊ မျှဝေတာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။
ဒါ့အပြင် ပြောက်ကျားစစ်ရဲ့ အောင်ပွဲဟာ ပြည်သူထောက်ခံကူညီမှုနဲ့ စည်းလုံးညီညွတ်မှုက အရေးအပါဆုံးဖြစ်တာမို့ စစ်ကောင်စီတပ်တွေမဝင်နိုင်အောင် လမ်းရအောင်ပိတ်ဖို့၊ ကားတာယာ မီးရှို့ဖို့၊ ပြည်သူများထိခိုက်မှုမရှိအောင် ကူညီဖို့၊ တိုက်ပွဲကို Live မလွှင့်ဖို့၊ PDF များ ပြေးလမ်းသာအောင် စောင့်ကြည့်ကူညီဖို့နဲ့ ဆေးအကူညီပေးရေး ပြင်ဆင်ဖို့ တိုက်တွန်းထား ပါတယ်။
ဒီနေ့မနက် မန္တလေး ပစ်ခတ်မှုမှာ PDF တပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံး ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် မြို့ပြပြောက်ကျားတာဝန်ခံက ပြောထားပါတယ်။
စစ်ကောင်စီ မီဒီယာတွေမှာတော့ PDF တပ်ဖွဲ့ဝင် ၈ ယောက်ကျဆုံးပြီး ၈ ယောက် ဖမ်းမိထားတယ်လို့ ထုတ်လွှင့်ပါတယ်။