အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းဟာ Football Writers’ Association (FWA) က ရွေးချယ်တဲ့ 2023 FWA Men’s Footballer Of The Year ဆုကို ရရှိခဲ့ပါတယ်။
ဟာလန်းဟာ ဒီဆုကို မဲ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အသာရခဲ့ပြီး ဆာကာက ဒုတိယ၊ အိုဒီဂတ်က တတိယ၊ ဒီဘရိုင်းနဲ့ ရက်ရှ်ဖို့ဒ်တို့က စတုတ္ထနဲ့ ပဥ္စမ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။
ဟာလန်းက “ကျနော့်ကို မဲပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ အခု ကျနော် ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အတွက်နဲ့ မန်စီးတီးကို ဆုဖလားတွေရအောင် ကူညီပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်” လို့ ပြောပါတယ်။
ဟာလန်းဟာ မန်ချက်စတာစီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ အံ့ဩစရာကောင်းအောင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစား၊ ၅၁ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ရရှိဖို့လည်း အခြေအနေ ကောင်းနေပါတယ်။
FWA ဆုကို ၁၉၄၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဆာစတန်လေမက်သရူးက ပထမဆုံး ရရှိခဲ့ပါတယ်။
တရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးစံချိန်ကို မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း ကာ သူရဲ့ ပထမဆုံးသော အင်္ဂလန်ဘောလုံးရာသီအတွင်းမှာတင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မေလ ၃ ရက်က ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း မန်စီးတီးအသင်းရဲ့ ဒုတိယမြောက်ဂိုးကို ဟာလန်းက သွင်းယူပေးနိုင်ခဲ့တာကြောင့် ဒီရာသီမှာ သွင်းဂိုးပေါင်း ၃၅ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ပွဲချိန် မိနစ် ၇၀ မှာ ဂျက်ခ် ဂရီးလစ်ချ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဟာလန်းက ဂိုးသမားအပေါ်ကနေ ကျော်သွင်းယူခဲ့တာဖြစ်ပြီး ဂန္ထဝင်ကစားသမားကြီးတွေဖြစ်ကြတဲ့ အလန်ရှီးယားနဲ့ အန်ဒီကိုးလ်တို့ရဲ့ တရာသီအတွင်း ၃၄ ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အီတီဟတ် အာကစားကွင်းကြီးအတွင်း ပွဲပြီးဆုံးသွားချိန်မှာတော့ အသင်းဖော်တွေက ဟာလန်းအတွက် ဂုဏ်ပြုပေးခဲ့ကြပါတယ်။
ရှီးယားနဲ့ ကိုးလ်တို့ဟာ ပွဲစဉ်ပေါင်း ၄၂ ပွဲအထိရှိတဲ့ ဘောလုံးရာသီမှာ စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ဟာလန်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ အပြီးမှာပဲ အခုလို စံချိန်ချိုးဖျက်နိုင်ခဲ့တာပါ။ လက်ကျန်ပွဲစဉ် ၅ ပွဲမှာလည်း နောက်ထပ် စံချိန်အသစ်တင်နိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။