FWA ကချီးမြှင့်သည့် တနှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီးတိုက်စစ်မှူး ဟာလန်း ရရှိ

အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်းဟာလန်းဟာ Football Writers’ Association (FWA) က ရွေးချယ်တဲ့ 2023 FWA Men’s Footballer Of The Year ဆုကို ရရှိခဲ့ပါတယ်။
ဟာလန်းဟာ ဒီဆုကို မဲ ၈၂ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အသာရခဲ့ပြီး ဆာကာက ဒုတိယ၊ အိုဒီဂတ်က တတိယ၊ ဒီဘရိုင်းနဲ့ ရက်ရှ်ဖို့ဒ်တို့က စတုတ္ထနဲ့ ပဥ္စမ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။
ဟာလန်းက “ကျနော့်ကို မဲပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ အခု ကျနော် ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အတွက်နဲ့ မန်စီးတီးကို ဆုဖလားတွေရအောင် ကူညီပေးနိုင်ဖို့ အာရုံစိုက်နေပါတယ်” လို့ ပြောပါတယ်။
ဟာလန်းဟာ မန်ချက်စတာစီးတီးနဲ့ ပွဲဦးထွက်ရာသီမှာပဲ အံ့ဩစရာကောင်းအောင် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၄၇ ပွဲကစား၊ ၅၁ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ရရှိဖို့လည်း အခြေအနေ ကောင်းနေပါတယ်။
FWA ဆုကို ၁၉၄၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဆာစတန်လေမက်သရူးက ပထမဆုံး ရရှိခဲ့ပါတယ်။