မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားမယ့်နိုင်ငံအသင်းတွေဆီကို ကစားသမားတွေစေလွှတ် ပေးခဲ့မှုအတွက် ဖီဖာဆီကနေ ငွေအများဆုံးရရှိမယ့်အသင်းဖြစ်လာဖို့ရှိနေပါတယ်။
ဖီဖာဟာ ကလပ်အသင်းတွေရဲ့အကျိုးကိုရည်ရွယ်ပြီး နိုင်ငံအသင်းတွေဆီကို စေလွှတ်တဲ့ ကစားသမားအရေအတွက်နဲ့ အောင်မြင်မှုကိုလိုက်ပြီး ငွေကြေးထောက်ပံ့ပေးပါတယ်။
ဖီဖာဟာ ကစားသမားတစ်ဦးအတွက် တစ်ရက်ကို ဒေါ်လာ တစ်သောင်းနဲ့ ညီမျှတဲ့ ပေါင် ၈၁၂၀ ကို မိခင်ကလပ်တွေဆီ ပြန်ပေးတာပါ။
မန်စီးတီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို စုစုပေါင်း ၁၆ ဦးစေလွှတ်ခဲ့တာပါ။ အဲဒီထဲက အာဂျင် တီးနားတိုက်စစ်မှူးအယ်ဗာရက်ဇ်က ဗိုလ်လုပွဲကစားခွင့်ရရှိမှာပါ။
အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းနဲ့ ဂျာမနီကွင်းလယ်လူ ဂွမ်ဒိုဂန်တို့အတွက် ဖီဖာဆီက ငွေကြေးသိပ်မရပေမယ့် ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အသင်းတွေက ကစားသမားတွေလည်း ရှိပါတယ်။
မန်စီးတီးအနေနဲ့ ကစားသမား ၁၆ ဦးအတွက် စုစုပေါင်း ပေါင် ၄ သန်းခွဲရရှိနိုင်ပြီး တခြားအသင်းတွေထက် ပိုများတဲ့ပမာဏဖြစ်လာမှာပါ။
ဘာစီလိုနာအသင်းက ကစားသမား ၁၇ ဦး အထိစေလွှတ်ပေးခဲ့ရပေမယ့် စပိန်အသင်းက ၁၆ သင်း အဆင့်မှာပဲထွက်ခဲ့ရလို့ ပေါင် ၃ ဒသမ ၃ သန်းလောက်သာရရှိနိုင်တယ်လို့သိရပါတယ်။
ဘာစီလိုနာပြီးရင်တော့ မန်ယူ၊ ချဲလ်ဆီး၊ စပါးနဲ့ အာဆင်နယ်အသင်းတွေက ငွေကြေးရရှိနိုင်မှုမှာ အစဉ်လိုက်ရပ်တည်နေပါတယ်။
ဘောလုံးကောက်ပေးရတဲ့ကောင်လေးဘဝကနေ မန်စီးတီးနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိကြောင်း တိုက်စစ်မှူးဖိုဒမ်က ပြောပါတယ်။
အင်္ဂလန် တိုက်စစ်ကစားသမား ဖိုဒမ်ဟာ ငယ်စဉ်ကတည်းက မန်စီးတီးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ဘောလုံးကောက်ပေးခဲ့ဖူးသလို အသင်းရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ခဲ့သူပါ။
အဲဒီလို ဘဝတစ်လျှောက်လုံးမန်စီးတီးနဲ့ ပတ်သက်ခဲ့တဲ့ ဖိုဒမ်ဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ ဆက်ရှိတော့မှာပါ။
“စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လောက် ပျော်ရွှင်ရသလဲဆိုတာ ဖော်ပြဖို့ခက်ခဲပါတယ်။ ဒါက အိပ်မက်တွေအမှန်တကယ်ဖြစ် လာခဲ့တာပေါ့။ ကျနော့်ဘဝတစ်လျှောက်လုံး စီးတီးပရိသတ်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီအသင်းမှာ အချိန်ကြာမြင့်စွာ လေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့သလို ဘောလုံးကောက်ပေးရတဲ့ ချာတိတ်တစ် ယောက် အနေနဲ့လည်း လုပ်ပေးခဲ့ဖူးတယ်။ ဒီအသင်းကိုကျနော်ချစ်တယ်။ ၂၀၂၇ ခုနှစ်အထိ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ရှိသွားမယ့် ခံစားချက်က အံ့အားသင့်စရာကောင်းတယ်”လို့ ဖိုဒမ်က ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ ဖိုဒမ်ဟာ အခုနှစ်ရာသီ ၁၃ ပွဲ ကစားအပြီးမှာ ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။