မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားကို ဝေဖန်သူတွေကို အရူးတွေလို့ အသင်းဖော် ဘရန်ဒန်ဝီလီယံက ပြန်လည်တုံ့ပြန်သွားပါတယ်။
မက်ဂွဲယားဟာ စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် နည်းပြတန်ဟတ်ဂ်က အရန်ခုံပို့ထားပြီး ဗာရန်းနဲ့ မာတီနက်ဇ်အတွဲကိုပဲ ပွဲထွက်ကစားစေတာပါ။
မက်ဂွဲယား မပါဝင်ချိန်မှာ အသင်းက ရလဒ်ကောင်းတွေ ရရှိနေတဲ့အပေါ် ပရိသတ်အများစုက အားရကျေနပ်နေပြီး မက်ဂွဲယားအပေါ် လှောင်ပြောင်မှုတွေ ရှိခဲ့တာပါ။
အဲဒီအပေါ် အသင်းဖော် နောက်ခံလူ ဘရန်ဒန်ဝီလီယံက မကျေမနပ်ဖြစ်နေပြီး ဟယ်ရီဟာ ပွဲထွက်ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ ရာနှုန်းပြည့် ကြိုးပမ်းနေသူဖြစ်ကြောင်း၊ ဝေဖန်သူတချို့က အရူးတွေဖြစ်ပြီး သူတို့ရဲ့စကားကို နားထောင်စရာမလိုကြောင်း ဝီလီယံက ပြောပါတယ်။
“ဟယ်ရီက ထိပ်တန်းအသင်းဖော်တယောက်ဖြစ်သလို ထိပ်တန်းကစားသမား၊ ထိပ်တန်း အသင်းခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ ဟယ်ရီဟာ ခမ်းနားကြီးကျယ်တဲ့ ဘောလုံးသမားဘဝ ဖြစ်လာမှာဖြစ်တယ်။ အဲဒီလိုကစားသမားလည်း ဖြစ်ခဲ့ပြီးသားပါပဲ” လို့ ဘရန်ဒန်ဝီလီယံက ပြောပါတယ်။
မက်ဂွဲယားဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲပဲ ပွဲထွက်ကစားခဲ့ရပေမဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အင်္ဂလန်အသင်းမှာ ထပ်မံရွေးချယ်ခံရသူ ဖြစ်ပါတယ်။
နောက်ခံလူ မက်ဂွိုင်းယားဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ဖို့ အဆင့်အတန်းမရှိ ကြောင်း အသင်းဖော်ဟောင်း အယ်မိုဟာမက်ဒီက ပြောပါတယ်။
အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်က လက်စတာကနေ ပြောင်းရွှေ့လာပြီး ၅ လခန့်အကြာမှာပဲ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ အမှားအယွင်းတွေရှိလာတာကြောင့်ဝေဖန်မှု တွေနဲ့ရင်ဆိုင်နေရပြီး စပါးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာလည်း ကိုယ့်ဂိုးကိုပြန်သွင်းမိခဲ့ပါသေးတယ်။
ဟားလ်စီးတီးမှာကစားစဉ်က အတူတွဲဖက်ကစားခဲ့တဲ့ အီဂျစ်နောက်ခံလူ အယ်လ်မို ဟာမက်ဒီကတော့ မက်ဂွိုင်ယားဟာ မန်ယူအသင်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းမရှိဘဲ စီရော် နယ်ဒိုဆက်ရှိမယ်ဆိုရင် သူသာဖြစ်သင့်တယ်လို့ သုံးသပ်ပါတယ်။
“ဟယ်ရီနဲ့က ဟားလ်စီးတီးမှာ အတူကစားခဲ့ဖူးတယ်။ ကျနော့်အမြင်ကတော့ သူဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ဖို့ အဆင့်မရှိပါဘူး။ မန်ယူနိုက်တက်မှာ ကိုယ်ရည်ကိုယ်သွေး အထူးကောင်းမွန်တဲ့ ကစားသမားလိုအပ်ပါတယ်။ လာမယ့်ရာသီမှာ ရော်နယ်ဒိုသာ ဆက်ရှိမယ်ဆိုရင် နည်းပြသစ်က သူ့ကို အသင်းခေါင်းဆောင်ခန့်အပ်မယ် လို့ မျှော်လင့်ပါတယ်။ ရော်နယ်ဒိုကသာ တာဝန်ရှိမှုတွေနဲ့ ဖိအားတွေကို ကျော်ဖြတ်နိုင်ပြီး မက်ဂွိုင်းယားက အဲဒီလိုဖိအားတွေကို ကျော်ဖြတ်နိုင်စွမ်းမရှိပါဘူး” လို့ အယ်လ် မိုဟာမက်ဒီက ပြောပါတယ်။
မက်ဂွိုင်းယားဟာ အင်္ဂလန်ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံးအသင်းဖြစ်တဲ့ မန်ယူနိုက်တက်မှာ ကစားနိုင်တဲ့ အရည်အချင်းမရှိဘဲ လက်စတာလို ထိပ်တန်း ၆ သင်းစာရင်းဝင် အသင်းမှာပဲ ကစားနိုင်သူဖြစ်တယ်လို့လည်း အယ်လ်မိုဟာမက်ဒီက ဝေဖန်သွားခဲ့ပါတယ်။