မက်ဂွဲယားကို ဝေဖန်သူများအား အသင်းဖော် ဝီလီယံ ပြန်လည်တုံ့ပြန်

မန်ယူအသင်းခေါင်းဆောင် မက်ဂွဲယားကို ဝေဖန်သူတွေကို အရူးတွေလို့ အသင်းဖော် ဘရန်ဒန်ဝီလီယံက ပြန်လည်တုံ့ပြန်သွားပါတယ်။
မက်ဂွဲယားဟာ စွမ်းဆောင်ရည်ကျဆင်းမှုကြောင့် နည်းပြတန်ဟတ်ဂ်က အရန်ခုံပို့ထားပြီး ဗာရန်းနဲ့ မာတီနက်ဇ်အတွဲကိုပဲ ပွဲထွက်ကစားစေတာပါ။
မက်ဂွဲယား မပါဝင်ချိန်မှာ အသင်းက ရလဒ်ကောင်းတွေ ရရှိနေတဲ့အပေါ် ပရိသတ်အများစုက အားရကျေနပ်နေပြီး မက်ဂွဲယားအပေါ် လှောင်ပြောင်မှုတွေ ရှိခဲ့တာပါ။
အဲဒီအပေါ် အသင်းဖော် နောက်ခံလူ ဘရန်ဒန်ဝီလီယံက မကျေမနပ်ဖြစ်နေပြီး ဟယ်ရီဟာ ပွဲထွက်ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ ရာနှုန်းပြည့် ကြိုးပမ်းနေသူဖြစ်ကြောင်း၊ ဝေဖန်သူတချို့က အရူးတွေဖြစ်ပြီး သူတို့ရဲ့စကားကို နားထောင်စရာမလိုကြောင်း ဝီလီယံက ပြောပါတယ်။
“ဟယ်ရီက ထိပ်တန်းအသင်းဖော်တယောက်ဖြစ်သလို ထိပ်တန်းကစားသမား၊ ထိပ်တန်း အသင်းခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ ဟယ်ရီဟာ ခမ်းနားကြီးကျယ်တဲ့ ဘောလုံးသမားဘဝ ဖြစ်လာမှာဖြစ်တယ်။ အဲဒီလိုကစားသမားလည်း ဖြစ်ခဲ့ပြီးသားပါပဲ” လို့ ဘရန်ဒန်ဝီလီယံက ပြောပါတယ်။
မက်ဂွဲယားဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲပဲ ပွဲထွက်ကစားခဲ့ရပေမဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အင်္ဂလန်အသင်းမှာ ထပ်မံရွေးချယ်ခံရသူ ဖြစ်ပါတယ်။