ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် မန်ယူနဲ့ လီဗာပူးပွဲလက်မှတ်စျေးနူန်းကြီးမြင့်မားမှု ကြောင့် ရုပ်ရှင်ရုံတွေကနေပဲ ကြည့်မယ့်သူ ဦးရေများလာပါတယ်။
The Match : Bangkok Century Cup လို့ အမည် ပေးထားတဲ့ မန်ယူနဲ့ လစ်ဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို လာမယ့် ဇူလိုင် ၁၂ ရက်မှာ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်းမှာကျင်းပသွားမှာပါ။
အဲဒီပွဲစဉ်အတွက် အနည်းဆုံးလက်မှတ်စျေးနူန်းဟာ ထိုင်းအမှတ်ပေး လိဂ်ပွဲစဉ်တစ်ပွဲရဲ့ အဆ ၆ဝ အထိရှိနေပြီး ထိုင်းပြည်သူတွေအတွက် မြင့်မားတဲ့လက်မှတ်စျေးနူန်းတွေဖြစ်ကြောင်း ဂါးဒီယန်းသတင်းစာက ဖော်ပြပါတယ်။
မန်ယူနဲ့ လီဗာပူးပွဲစဉ်ကို အနည်းဆုံးဘတ် ၅၀၀၀ မြန်မာငွေကျပ် ၃ သိန်းခန့်ကနေ အများဆုံးဘတ် ၂၅၀၀၀ ခွဲ၊ မြန်မာငွေကျပ် ၁၅ သိန်းခန့် စျေးနူန်းသတ်မှတ်ထားတာပါ။
ဘောလုံးပွဲတစ်ပွဲအတွက် ဘတ် ၁၀,၀၀၀ အထိသုံးဖို့တောင်ငွေမရှိကြောင်းနဲ့ အခြေခံလစာ ဘတ် ၃၀,၀၀၀ သာရတဲ့ ထိုင်းပြည်သူတွေအတွက် စျေးနူန်းမြင့်မား လွန်းကြောင်း ထိုင်းလူမျိုး လီဗာပူးပရိသတ်တစ်ဦးက ဂါးဒီယန်းသတင်းစာကို ပြောပါတယ်။
ဒီအခြေအနေကြောင့် ကွင်းထဲသွားမကြည့်နိုင်တဲ့သူတွေအတွက် ရုပ်ရှင်ခန်းမတွေမှာ သွားရောက်ကြည့်ရူမယ့် ဦးရေလည်းများလာပါတယ်။
အဲဒီပွဲစဉ်ကို ထိုင်းနိုင်ငံက ရုပ်ရှင်ရုံ ၄၇ ရုံမှာ တိုက်ရိုက်ပြသမှာဖြစ်ပြီး ၈၀ ရာခိုင်နူန်းအထိ လက်မှတ်ရောင်းချထားပြီးဖြစ်တယ်လို့ ထိုင်းနေးရှင်းသတင်းစာကဖော်ပြပါတယ်။ ရုပ်ရှင်ရုံမှာဆိုရင်တော့ လက်မှတ်တစ်စောင်ကို ဘတ်၅၀၀၊ မြန်မာငွေ ၃၀၀၀ လောက်ပဲ ကျသင့်မှာဖြစ်ပြီး ပွဲမတိုင်ခင် ကေပေါ့အဆိုတော် ဂျက်ဆင်ဝမ်ရဲ့ဖျော်ဖြေမှုပါ ကြည့်မယ်ဆိုရင်တော့ ဘတ် ၉၀၀ ကျသင့်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မှာ ချစ်ကြည်ရေးဘောလုံးပွဲ ကစားကြမယ့် မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲလက်မှတ်တွေကို လာမယ့် ဧပြီ ၂ ရက်မနက် ၁၀ နာရီက စတင်ပြီးတော့ ရောင်းချသွားမယ်လို့ သိရပါတယ်။
ပွဲစီစဉ်တဲ့ Fresh Air Festival ကတော့ “The Match Bangkok Century Cup 2022” အမည်နဲ့ ဒီပွဲလက်မှတ်တွေကို နိုင်ငံတဝန်းလက်မှတ်အရောင်းကောင်တာတွေနဲ့ ဝက်ဘ်စာမျက်နှာ www.thaiticketmajor.com ဒါမှမဟုတ် ဖုန်းနံပါတ် (+66) 2262 3838 တို့ဆီ ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ကာ တယောက်ကို လက်မှတ် ၄ စောင်အထိသာ ဝယ်ယူနိုင်မယ်လို့ ပြောပါတယ်။
ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာ လာမယ့် ဇူလိုင် ၁၂ ရက် ည ၈ နာရီမှာ ကစားကြမယ့် ဒီပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ ဘတ် ၅၀၀၀၊ ၇၀၀၀၊ ၂၀၀၀၀၊ ၂၂၀၀၀ နဲ့ ၂၅၀၀၀ အသီးသီးသတ်မှတ်ထားတယ်လို့ Fresh Air Festival က ကနဦးကြေညာထားပါတယ်။
ဒီပွဲမစခင်မှာ ယူကေက အားကစားကွင်းတွေလို ကွင်းတခုလုံး ခုံတွေ၊ ဝင်ပေါက်လိုဏ်တွေကနေ အဝတ်လဲခန်းတွေအထိ ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်သွားမယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။