ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်မှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်က လင်မယားနှစ်ယောက်ကို အမည်မသိ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်က ၁ ရပ်ကွက်၊ လမ်းသွယ် (၂)၊ တပင်ရွှေထီးလမ်းနဲ့ ၈ လမ်းကြား စိုးစံလက်ဖက်ရည်ဆိုင်မှာ လင်မယားနှစ်ဦးကို လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သေနတ်သံတွေကြားတာ ခြောက်ချက်လောက်ရှိတယ်၊ လမ်းသွယ် ၂ လမ်းမှာဖြစ်တာ၊ လင်မယားနှစ်ဦး ပွဲချင်းပြီးသေတယ်၊ အခု ဘုရင့်နောင်ရော သမိုင်းလမ်းဆုံမှာပါ စစ်ဆေးနေတယ်။”
သေဆုံးသွားတဲ့ လင်မယားနှစ်ဦးမှာ အမှတ် ၁ ရပ်ကွက်အတွင်း နေထိုင်ပြီး အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး အမျိုးသားက ဗိုလ်မှူးဟောင်းဖြစ်ကာ ဇနီးဖြစ်သူက လ.၀.က ၀န်ထမ်းလို့ ရပ်ကွက်နေသူတွေက ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ရပ်မိရပ်ဖတဦးက “ကျနော်တို့ သိတာတော့ အရောင်းအဝယ်သမားပဲ၊ အရင်က သူတို့တွေက ဘာလုပ်လဲ ဆိုတာတော့ မသိဘူး၊ ဗိုလ်မှူးဟောင်းလို့လည်း ပြောနေကြတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက သေဆုံးသူနှစ်ယောက်ကို လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပြီး ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ရှိပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ပြီး ၃၆၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာ အမျိုးသားတယောက် ဒီကနေ့ ညက သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် ဘုရင့်နောင် (၁) ရပ်ကွက် တပင်ရွှေထီးလမ်းမပေါ်ရှိ ထမင်ဆိုင်ရှေ့ မတ်တပ်ရပ်နေစဥ် လမ်းလျှောက်လာသူတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူ့ရဲ့ ဆိုင်ရှေ့မှာ မတ်တပ်ရပ်နေတုန်း လမ်းလျှောက်လာတဲ့သူက ပစ်ပြီး ပြေးသွားတာ၊ ရင်ဘတ်ကို ထိသွားတယ်။ လူနာတင်ယာဥ်တွေရော၊ စစ်ကားတွေရော ရောက်နေတယ်" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဒေါ်သန်းစိန်ထမင်းဆိုင်ပိုင်ရှင် ဦးသိန်းမြင့်ဦးဖြစ်ပြီး ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာနဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"သူက တပ်ကအငြိမ်းစားယူလာတာ အရာရှိပဲ အဆင့်တော့ မသိဘူး၊ ဒဏ်ရာက စိုးရိမ်ရတယ် အခုဆေးရုံမှာ။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်အရ စစ်မှုထမ်းဟောင်းလို့သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုမပြုနိုင်သေးပါဘူး။
လက်တလောမှာ စစ်ကောင်စီတပ်တွေက သမိုင်းလမ်းဆုံနဲ့ ဘုရင်နောင်လမ်းဆုံတွေမှာ ကားတွေနဲ့လူတွေကို စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက်ပိုင်းကလည်း ရွှေပြည်သာ၊ တောင်ဥက္ကလာပနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေကြောင့် ဆယ်ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူအချို့ ရှိခဲ့ပါတယ်။