close

မရမ်းကုန်းမြို့နယ်တွ‌င် လင်မယား ၂ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်မှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မနက်က လင်မယားနှစ်ယောက်ကို  အမည်မသိ သေနတ်သမားနှစ်ယောက်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီဝန်းကျင်က ၁ ရပ်ကွက်၊ လမ်းသွယ် (၂)၊ တပင်ရွှေထီးလမ်းနဲ့ ၈ လမ်းကြား စိုးစံလက်ဖက်ရည်ဆိုင်မှာ လင်မယားနှစ်ဦးကို လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သေနတ်သံတွေကြားတာ ခြောက်ချက်လောက်ရှိတယ်၊ လမ်းသွယ် ၂ လမ်းမှာဖြစ်တာ၊ လင်မယားနှစ်ဦး ပွဲချင်းပြီးသေတယ်၊ အခု ဘုရင့်နောင်ရော သမိုင်းလမ်းဆုံမှာပါ စစ်ဆေးနေတယ်။”

သေဆုံးသွားတဲ့ လင်မယားနှစ်ဦးမှာ အမှတ် ၁ ရပ်ကွက်အတွင်း နေထိုင်ပြီး အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး  အမျိုးသားက ဗိုလ်မှူးဟောင်းဖြစ်ကာ ဇနီးဖြစ်သူက လ.၀.က ၀န်ထမ်းလို့ ရပ်ကွက်နေသူတွေက ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ရပ်မိရပ်ဖတဦးက “ကျနော်တို့ သိတာတော့ အရောင်းအဝယ်သမားပဲ၊ အရင်က သူတို့တွေက ဘာလုပ်လဲ ဆိုတာတော့ မသိဘူး၊ ဗိုလ်မှူးဟောင်းလို့လည်း ပြောနေကြတယ်”လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီက သေဆုံးသူနှစ်ယောက်ကို လူနာတင်ယာဥ်နဲ့ ဆေးရုံကို ပို့ဆောင်ပြီး ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ပြီး ၃၆၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up