နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့တို့ မဟာမိတ် ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မတ် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက် CDF-Kanpetlet နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force - Saw & Kyaukhtu တို့ဟာ ဒေသတွင်း တော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ညီညွတ်စွာ အတူတကွ လက်တွဲပြီးတော့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြပြီးဖြစ်ကြောင်းနဲ့ ခုချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေ ပိုမိုချိတ်ဆက်အားကောင်းစေပြီး တော်လှန်ရေးအရှိန်မြှင့်တင်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်သည်အထိ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခုလိုဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ နိုင်ငံတဝန်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေတဲ့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ ပိုမိုအားကောင်းလာစေဖို့နဲ့ အခြားတော်လှန်ရေး ကဏ္ဍအသီးသီး အရှိန်အဟုန်မြှင့်တင်ဖို့ရည်ရွယ်ပြီး အမျိုးသမီးမဟာမိတ်အင်အားစုကို စက်တင်ဘာ ၆ ရက်က ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။
အမျိုးသမီးတွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေဖို့ အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ အချိတ်အဆက်မိမိ လက်တွဲလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုအခါ စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ်တိုက်ထုတ်ပြီး အမျိုးသမီးတွေရဲ့ ဦးဆောင် ပါဝင်မှုနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး မြေပြင်သပိတ်အင်အားစုအသီးသီးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီး တွေနဲ့ အမျိုးသမီးမဟာမိတ်အင်အားစုကို တရားဝင် စတင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
မြေပြင်အမျိုးသမီးသပိတ်တွေ အားကောင်းလာစေဖို့နဲ့ အခြားတော်လှန်ရေး ကဏ္ဍအသီးသီးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမျာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေး ရည်ရွယ် ဖွဲ့စည်းလိုက်တာပါ။
အမျိုးသမီးမဟာမိတ်အင်အားစုမှာ မန္တလေး၊ ရန်ကုန်၊ မုံရွာပင်မ၊ မုံရွာ - အမြင့်လမ်းဘေး ကျေးရွာများ၊ ချင်းတွင်းမြစ် အနောက်ဘက်ကျေးရွာပေါင်းစုံ၊ ကလေးမြို့ ၊ တန့်ဆည်မြို့နယ်၊ ထားဝယ်အရှေ့တော၊ ဂန့်ဂေါမြို့နယ်၊ ဒီပဲယင်းမြို့နယ် စတဲ့ အမျိုးသမီးသပိတ်စစ်ကြောင်း ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
အမျိုးသမီးမဟာမိတ်အင်အားစုအနေဲ့ ရည်မှန်းချက်ပန်းတိုင်များ အကောင်ထည်ဖော်ဆောင်ရွက်ရေးအား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေးကာလ၊ ကြားကာလနဲ့ ပြန်လည်ထူထောင်ရေးကာလတွေမှာ အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။