close

ချင်းနှင့် မကွေးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ခု မဟာမိတ်ဖွဲ့စည်း

နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက်နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့တို့ မဟာမိတ် ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မတ် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ကန်ပက်လက် CDF-Kanpetlet နဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့  The Youth Force - Saw & Kyaukhtu တို့ဟာ ဒေသတွင်း တော်လှန်ရေးစတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ညီညွတ်စွာ အတူတကွ လက်တွဲပြီးတော့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြပြီးဖြစ်ကြောင်းနဲ့ ခုချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေ ပိုမိုချိတ်ဆက်အားကောင်းစေပြီး တော်လှန်ရေးအရှိန်မြှင့်တင်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်သည်အထိ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့ ခုလိုဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ နိုင်ငံတဝန်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေတဲ့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up