အရှေ့အာဖရိက ကျွန်းနိုင်ငံတခုဖြစ်တဲ့ မာဒါဂက်စ်ကာမှာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖရဒ်ဒီဟာ အနောက်ဘက်ရှိ ကျွန်းနိုင်ငံကိုဖြတ်ပြီး အာဖရိကကုန်းမကြီးကို ဖြတ်ကျော်တိုက်ခတ်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ၄ ယောက်ရှိလာပြီလို့ အစိုးရက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
လေတိုက်နှုန်း တနာရီကို မိုင် ၁၁၀ တိုက်ခတ်ခဲ့တဲ့ ဖရဒ်ဒီမုန်တိုင်းကြောင့် ဖေဖော်ဝါရီ ၂၁ ရက် နှောင်းပိုင်းက မာဒါဂက်စ်ကာ အရှေ့တောင်ပိုင်းမှာ မြေပြိုကျမှုဖြစ်ခဲ့ပြီး အဲဒီဧရိယာကို ရေလွှမ်းမိုးကာ အိမ်ခေါင်မိုးတွေလည်း အမိုးလန် ပြိုကျခဲ့ပါတယ်။
မာဒါဂက်စ်ကာမှာ လူ ၃၃ ဦး သေဆုံးပြီး လူထောင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာပြေးခဲ့ရတဲ့ ချေနီဆိုမုန်တိုင်း တိုက်ခတ်အပြီး တလနီးပါးအကြာမှာ ဆိုင်ကလုန်း ဖရဒ်ဒီ တိုက်ခတ်ခံရတာ ဖြစ်ပါတယ်။
အစိုးရရဲ့ အမျိုးသားဘေးအန္တရာယ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာရုံးက ထုတ်ပြန်ချက်မှာ မုန်တိုင်းကြောင့် လူပေါင်း ၁၁,၀၄၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းနဲ့ အိမ်ခြေ ၂,၂၇၆ လုံး ရေလွှမ်းခံခဲ့ရပြီး နောက်ထပ် ၂,၂၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အေအက်ဖ်ပီ သတင်းတပုဒ်မှာတော့ သေဆုံးသူ ၅ ယောက်ရှိပြီလို့ ရေးပါတယ်။
ဆိုင်ကလုန်း ဖရဒ်ဒီဟာ မာဒါဂက်စ်ကာကို ဖြတ်သွားပြီးနောက် မိုဇမ်ဘစ် ရေလက်ကြားမှာ ပြန်ပေါ်လာနိုင်ပြီး မိုဇမ်ဘစ် ကုန်းတွင်းပိုင်းကို မကျရောက်ခင်မှာ ပိုအားကောင်းလာပြီးတော့ ဇင်ဘာဘွေကို ဆက်လက်ရွေ့လျားသွားနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာထဲက အရှေ့အာဖရိက ကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂက်စ်ကာနိုင်ငံမှာ အပူပိုင်းမုန်တိုင်း ချန်နီဆိုဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၁၇ ဦး ပျောက်ဆုံးနေကြောင်း အစိုးရရဲ့ ဘေးအန္တရာယ်နဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရုံး ဇန်နဝါရီ ၂၆ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်က ကုန်းတွင်းပိုင်းကို ရောက်ရှိလာတဲ့ ချန်နီဆို မုန်တိုင်းဟာ ကျွန်းနိုင်ငံရဲ့ ကမ်းလွန် ပင်လယ်ပြင်ရှိ အိန္ဒိယသမုဒ္ဒရာထဲမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိတဲ့ နှစ်စဉ်ဆက်တိုက် ဖြစ်ပေါ်နေကျ မုန်တိုင်းတွေထဲမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးဖြစ်ပါတယ်။
မာဒါဂက်စ်ကာကို ဝင်မွှေတဲ့ မုန်တိုင်းကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး မုန်တိုင်းထွက်ခွာသွား ပြီးနောက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောက်ထပ် တခြားသူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရုံးက ဇန်နဝါရီ ၂၆ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုးကလည်း ဆက်တိုက်ရွာနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ ပင်လယ်ပြင်ဘက်ကို ပြန်ရွေ့သွားပြီး အနောက်ပိုင်း မိုရွန်ဒါဗာ မြို့မှာ ၂ ရက်ကျော်လောက် ငြိမ်သက်နေခဲ့ကြောင်းလည်း အဲဒီရုံးက ပြောပါတယ်။
မုန်တိုင်းနဲ့ မိုးရွာသွန်းမှုကြောင့် လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေ ၁၃,၀၀၀ နဲ့ စာသင်ခန်းပေါင်း ၁၀၀ ပျက်စီးခဲ့ကြောင်း ဥရောပကော်မရှင်ရဲ့ အရပ်ဘက်ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။