မာဒါဂက်စ်ကာတွင် အပူပိုင်းမုန်တိုင်းကြောင့် ၁၆ ဦး သေဆုံး

အိန္ဒိယသမုဒ္ဒရာထဲက အရှေ့အာဖရိက ကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂက်စ်ကာနိုင်ငံမှာ အပူပိုင်းမုန်တိုင်း ချန်နီဆိုဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၁၇ ဦး ပျောက်ဆုံးနေကြောင်း အစိုးရရဲ့ ဘေးအန္တရာယ်နဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရုံး ဇန်နဝါရီ ၂၆ရက်မှာ ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်က ကုန်းတွင်းပိုင်းကို ရောက်ရှိလာတဲ့ ချန်နီဆို မုန်တိုင်းဟာ ကျွန်းနိုင်ငံရဲ့ ကမ်းလွန် ပင်လယ်ပြင်ရှိ အိန္ဒိယသမုဒ္ဒရာထဲမှာ ပုံမှန်ဖြစ်ပေါ်လေ့ရှိတဲ့ နှစ်စဉ်ဆက်တိုက် ဖြစ်ပေါ်နေကျ မုန်တိုင်းတွေထဲမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးဖြစ်ပါတယ်။
မာဒါဂက်စ်ကာကို ဝင်မွှေတဲ့ မုန်တိုင်းကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး မုန်တိုင်းထွက်ခွာသွား ပြီးနောက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နောက်ထပ် တခြားသူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရုံးက ဇန်နဝါရီ ၂၆ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိုးကလည်း ဆက်တိုက်ရွာနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ ပင်လယ်ပြင်ဘက်ကို ပြန်ရွေ့သွားပြီး အနောက်ပိုင်း မိုရွန်ဒါဗာ မြို့မှာ ၂ ရက်ကျော်လောက် ငြိမ်သက်နေခဲ့ကြောင်းလည်း အဲဒီရုံးက ပြောပါတယ်။
မုန်တိုင်းနဲ့ မိုးရွာသွန်းမှုကြောင့် လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေ ၁၃,၀၀၀ နဲ့ စာသင်ခန်းပေါင်း ၁၀၀ ပျက်စီးခဲ့ကြောင်း ဥရောပကော်မရှင်ရဲ့ အရပ်ဘက်ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။