ရုရှားတို့ ကျူးကျော်စစ်စတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ဝိုင်းပတ်ထားခံရတဲ့ မာရီယူပိုးလ်မြို့ကို တာဝေးပစ်ဗုံးကြဲလေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်ဆန်ဒါက ဧပြီ ၁၅ မှာပြောပါတယ်။
ဒါပေမဲ့ မာရီယူပိုးမြို့ကို ရုရှားတပ်တွေ သိမ်းပိုက်လို့မရသေးဘဲ မြေပြင်စစ်ပွဲတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ မနေ့က မာရီယူပိုးလ် ဆိပ်ကမ်းနေရာတွေနဲ့ သံမဏိစက်ရုံဝန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ရုရှား ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မာရီယူပိုးလ် ဆိပ်ကမ်းမြို့ရှိ အာဇော့ဗ်စတလ် စက်မှုဇုန်ခရိုင်ကို ထိုးစစ်ဆင်ဖို့ ဧပြီ ၁၂ ရက်က အကြီးအကျယ် ပြင်ဆင်နေပါတယ်။ အဲဒီနေရာဟာ ယူကရိန်း မရိန်းအသေခံအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာပါ။
ရုရှားရဲ့ မာရီယူပိုးလ်ကို အပြီးတိုင်သိမ်းပိုက်မယ့် တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် အဆုံးအဖြတ်အဆင့် ဖြစ်ပါတယ်။
ရုရှားတို့ အာဇော့ဗ်စတလ်ခရိုင်ကို ထိန်းချုပ်နိုင်ခဲ့ရင် ယူကရိန်းခွဲထွက်ဒေသတွေနဲ့ ရုရှားထိန်းချုပ်ထားတဲ့ ဒေသတွေ ပေါင်းစည်းနိုင်သွားမှာပါ။
အခု ရုရှား ကျောထောက်နောက်ခံပြု တပ်တွေက ရင်ဆိုင်ရတော့မယ့် တိုက်ပွဲအတွက် တင့်ကားတွေထဲ လက်နက်ခဲယမ်းတွေ အတွဲလိုက် ဖြည့်တင်းနေတာပါ။
မာရီယူပိုးလ်မြို့ကို ပြီးခဲ့တဲ့အပတ်တွေမှာ ရုရှားက ဗုံးအများအပြား ကြဲချခဲ့တာကြောင့် အဆောက်အဦတွေ ရစရာမရှိအောင် ပျက်စီးပြီး အရပ်သား ၅,၀၀၀ နီးပါး သေဆုံးခဲ့တာပါ။
လူ ၃ သိန်းကျော် ထွက်ပြေးခဲ့ပြီး ၁ သိန်း ၆ သောင်းနီးပါး အစားအစာနဲ့ သောက်သုံးရေမရှိ၊ လျှပ်စစ်မီးမရှိ ပိတ်မိနေခဲ့ပါတယ်။
မာရီယူပိုးလ်ဟာ အာဇော့ဗ်ပင်လယ်ပေါ်ရှိ အကြီးဆုံးမြို့ဖြစ်ပြီး Black Sea ပင်လယ်ကို ကာချ်ရေလက်ကြားနဲ့ ဆက်သွယ်ထားတာပါ။ မြို့နာမည်က ရုရှားအင်ပါယာ အလက်ဇန္ဒား ၃ ရဲ့ဇနီး မရီယာ ဖီယိုဒိုရိုဗ်နာရဲ့ အမည်ကို ယူထားပြီး ရုရှားနဲ့ ၄၃ မိုင်ပဲ ကွာဝေးပါတယ်။