မာရီယူပိုးလ်မြို့ကို အပြီးသိမ်းပိုက်ရန် ရုရှားကျောထောက်နောက်ခံပြုတပ်ဖွဲ့များ ပြင်ဆင်

ရုရှား ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက ယူကရိန်းတပ်တွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မာရီယူပိုးလ် ဆိပ်ကမ်းမြို့ရှိ အာဇော့ဗ်စတလ် စက်မှုဇုန်ခရိုင်ကို ထိုးစစ်ဆင်ဖို့ ဧပြီ ၁၂ ရက်က အကြီးအကျယ် ပြင်ဆင်နေပါတယ်။ အဲဒီနေရာဟာ ယူကရိန်း မရိန်းအသေခံအဖွဲ့တွေ တပ်စွဲထားတဲ့ နေရာပါ။
ရုရှားရဲ့ မာရီယူပိုးလ်ကို အပြီးတိုင်သိမ်းပိုက်မယ့် တိုက်ပွဲဟာ နှစ်ဖက်စလုံးအတွက် အဆုံးအဖြတ်အဆင့် ဖြစ်ပါတယ်။
ရုရှားတို့ အာဇော့ဗ်စတလ်ခရိုင်ကို ထိန်းချုပ်နိုင်ခဲ့ရင် ယူကရိန်းခွဲထွက်ဒေသတွေနဲ့ ရုရှားထိန်းချုပ်ထားတဲ့ ဒေသတွေ ပေါင်းစည်းနိုင်သွားမှာပါ။
အခု ရုရှား ကျောထောက်နောက်ခံပြု တပ်တွေက ရင်ဆိုင်ရတော့မယ့် တိုက်ပွဲအတွက် တင့်ကားတွေထဲ လက်နက်ခဲယမ်းတွေ အတွဲလိုက် ဖြည့်တင်းနေတာပါ။
မာရီယူပိုးလ်မြို့ကို ပြီးခဲ့တဲ့အပတ်တွေမှာ ရုရှားက ဗုံးအများအပြား ကြဲချခဲ့တာကြောင့် အဆောက်အဦတွေ ရစရာမရှိအောင် ပျက်စီးပြီး အရပ်သား ၅,၀၀၀ နီးပါး သေဆုံးခဲ့တာပါ။
လူ ၃ သိန်းကျော် ထွက်ပြေးခဲ့ပြီး ၁ သိန်း ၆ သောင်းနီးပါး အစားအစာနဲ့ သောက်သုံးရေမရှိ၊ လျှပ်စစ်မီးမရှိ ပိတ်မိနေခဲ့ပါတယ်။
မာရီယူပိုးလ်ဟာ အာဇော့ဗ်ပင်လယ်ပေါ်ရှိ အကြီးဆုံးမြို့ဖြစ်ပြီး Black Sea ပင်လယ်ကို ကာချ်ရေလက်ကြားနဲ့ ဆက်သွယ်ထားတာပါ။ မြို့နာမည်က ရုရှားအင်ပါယာ အလက်ဇန္ဒား ၃ ရဲ့ဇနီး မရီယာ ဖီယိုဒိုရိုဗ်နာရဲ့ အမည်ကို ယူထားပြီး ရုရှားနဲ့ ၄၃ မိုင်ပဲ ကွာဝေးပါတယ်။