close

မာလာစီယာ

close

September 28, 2022

ဟော်လန်အသင်းတွင် ဗဟိုခံစစ်မှူးနေရာ ပြောင်းလဲကစားရသည့်အပေါ် မာလာစီယာ သဘောမတူ

ဟော်လန်ဘယ်နောက်ခံလူ မာလာစီယာဟာ ဗဟိုခံစစ်မှူးနေရာမှာ ပြောင်းလဲကစားခိုင်းတဲ့ အပေါ် သဘောမတူခဲ့ဘူးလို့ သိရပါတယ်။

ဟော်လန်နည်းပြ ဗန်ဟားလ်ဟာ ဘယ်လ်ဂျီယံနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ဘယ်နောက်ခံလူ မာလာစီယာကို ခံစစ်သုံးယောက်တန်းရဲ့ ဘယ်ခြမ်းမှာ ကစားဖို့ စေခိုင်းခဲ့တာပါ။

ဘယ်ခြမ်းဗဟိုခံစစ်နေရာကို နသန်အကီကို ပွဲထွက်ခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိလာခဲ့ရင် အရန်သင့် အသုံးပြုနိုင်ဖို့ မာလာစီယာကို ပြောင်းလဲကစားစေခဲ့တာပါ။

နည်းပြဗန်ဟားလ်ရဲ့ ဆန္ဒအတိုင်း ကစားခဲ့ပေမဲ့ တိုက်စစ်ကို ၂ ကြိမ်၊ ၃ ကြိမ်လောက် တက်ကစားခဲ့ပြီး အံဝင်ဖို့ မလွယ်ကူတဲ့နေရာဖြစ်ကြောင်း မာလာစီယာက ပွဲအပြီးမှာ ပြောပါတယ်။

“မန်ယူနိုက်တက်မှာ ဘယ်နောက်ခံလူနေရာနဲ့ အဆင်ပြေပါတယ်။ နိုင်ငံအသင်းနည်းပြက ဗဟိုခံစစ်နေရာ ကစားနိုင်မယ်လို့ ထင်နေပေမဲ့ ကျနော့်အတွက်ကတော့ ဘယ်စွန်မှာပဲ အဆင်ပြေပါတယ်။ ပွဲအပြီးမှာ အဆင်မပြေတဲ့အကြောင်း ပြောခဲ့ပေမဲ့ ခဏပါပဲ။ ဒါက ပြီးဆုံးသွားပါပြီ” လို့ မာလာစီယာက ပြောပါတယ်။

ဟော်လန် ဘယ်နောက်ခံလူနေရာမှာ ဒါလေဘလင်း ကစားနေတာပါ။ မာတင်အင်ဒီ ဒဏ်ရာရနေတဲ့အတွက် မာလာစီယာကို အစားထိုး ကစားစေခဲ့တာဖြစ်ကြောင်း ဗန်ဟားလ်က ရှင်းလင်းခဲ့ပါတယ်။

2 mins Ago

July 6, 2022

ဟော်လန်ဘယ်နောက်ခံလူ မာလာစီယာကို ပေါင် ၁၃ သန်းခန့်ဖြင့် မန်ယူအသင်း ခေါ်ယူ

မန်ယူအသင်းဟာ နွေရာသီအပြာင်းအရွှေ့မှာ ပထမဆုံး ကစားသမားခေါ်ယူမှုအနေနဲ့ ဟော်လန်ကလပ် ဖီယင်နု ဘယ်နောက်ခံလူ မာလာစီယာကို ပေါင် ၁၂ ဒသမ ၉ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၁ ဒသမ ၇ သန်းခန့် ပေးချေရနိုင်ပြီး မန်ယူအသင်းက ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ မာလာစီယာဟာ ဖီယင်နုလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ဟော်လန်လက်ရွေးစင်အသင်းအတွက်လည်း ၅ ပွဲ ပါဝင်ကစားထားပါတယ်။

“မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက မယုံကြည်နိုင်စရာ ခံစားချက်ပါပဲ။ ကျနော့်အတွက် နောက်ထပ် အခန်းကဏ္ဍသစ်တခုဖြစ်ပြီး လိဂ်အသစ်၊ အသင်းဖော်အသစ်တွေကို ထိပ်တန်းနည်းပြတဦးက ဦးဆောင်သွားမှာဖြစ်တယ်။ ကျနော်က ငယ်ရွယ်တဲ့ ကစားသမားတဦးဖြစ်ပြီး တိုးတက်မှုတွေ ဆက်ရှိလာဦးမှာပါ။ ယူနိုက်တက်ပရိသတ်တွေကို ကတိပေးနိုင်တာကတော့ အနီရောင်ဂျာစီ ဝတ်ဆင်ကစားတိုင်းမှာ အစွမ်းကုန်ပေးဆပ်ကစားသွားမယ် ဆိုတာကိုပါပဲ” လို့ မာလာစီယာက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။

မန်ယူအသင်းဟာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။

3 months Ago
Up