ဟော်လန်ဘယ်နောက်ခံလူ မာလာစီယာကို ပေါင် ၁၃ သန်းခန့်ဖြင့် မန်ယူအသင်း ခေါ်ယူ

မန်ယူအသင်းဟာ နွေရာသီအပြာင်းအရွှေ့မှာ ပထမဆုံး ကစားသမားခေါ်ယူမှုအနေနဲ့ ဟော်လန်ကလပ် ဖီယင်နု ဘယ်နောက်ခံလူ မာလာစီယာကို ပေါင် ၁၂ ဒသမ ၉ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၁ ဒသမ ၇ သန်းခန့် ပေးချေရနိုင်ပြီး မန်ယူအသင်းက ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ မာလာစီယာဟာ ဖီယင်နုလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်ပြီး ဟော်လန်လက်ရွေးစင်အသင်းအတွက်လည်း ၅ ပွဲ ပါဝင်ကစားထားပါတယ်။
“မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ရတာက မယုံကြည်နိုင်စရာ ခံစားချက်ပါပဲ။ ကျနော့်အတွက် နောက်ထပ် အခန်းကဏ္ဍသစ်တခုဖြစ်ပြီး လိဂ်အသစ်၊ အသင်းဖော်အသစ်တွေကို ထိပ်တန်းနည်းပြတဦးက ဦးဆောင်သွားမှာဖြစ်တယ်။ ကျနော်က ငယ်ရွယ်တဲ့ ကစားသမားတဦးဖြစ်ပြီး တိုးတက်မှုတွေ ဆက်ရှိလာဦးမှာပါ။ ယူနိုက်တက်ပရိသတ်တွေကို ကတိပေးနိုင်တာကတော့ အနီရောင်ဂျာစီ ဝတ်ဆင်ကစားတိုင်းမှာ အစွမ်းကုန်ပေးဆပ်ကစားသွားမယ် ဆိုတာကိုပါပဲ” လို့ မာလာစီယာက စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။
မန်ယူအသင်းဟာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း ၃ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။