close

မာလာလာ

close

March 3, 2023

မာလာလာ ထုတ်လုပ်သူအဖြစ်ပါဝင်ထားသည့် မှတ်တမ်းရုပ်ရှင် အော်စကာဆုအတွက် ယှဉ်ပြိုင်

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ထားတဲ့ ‘Stranger at the Gate’ အမည်ရ မှတ်တမ်းရုပ်ရှင်တိုဟာ အော်စကာဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။

နယူးယောက်ခ်ကာ မဂ္ဂဇင်းက ဖြန့်ချိထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ မက်လို့အမည်ရတဲ့ အမျိုးသားတဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး မွတ်စလင်အသိုင်းအဝိုင်းထဲက ဘီဘီ ဘာဟာမီ အမည်ရ အမျိုးသမီးတဦးဟာ နွေးထွေးကြင်နာမှုတွေနဲ့အတူ မက်ကို အစ္စလာမ်ယဉ်ကျေးမှု အကြောင်း မိတ်ဆက်ပေးလိုက်တဲ့အခါမှာ မက်ရဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် ရှုမြင်ပုံ အကြီးအကျယ် ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားပါတယ်။

မာလာလာကတော့ ဒီရုပ်ရှင်ထဲမှာ သရုပ်ဖော်ထားတဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် အကြောက်တရားနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အကန့်အသတ်မရှိဘူးဆိုတာကို အလေးအနက် ထောက်ပြလိုတာဖြစ်ကြောင်း ပြောပါတယ်။

“လူနည်းစုတွေနဲ့ ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ၊ အသားအရောင်၊ လိင်ဖြစ်တည်မှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတာကြောင့် ဒီမှတ်တမ်းရုပ်ရှင်ရဲ့ သတင်းစကားကို ဖြန့်ဝေနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ပြီးတော့ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားဆိုင်ရာ အခန်းကဏ္ဍကို လူတွေ စပြီး ဆွေးနွေးလာဖို့နဲ့ အပြောင်းအလဲတခုကိုလည်း မြင်လာရလိမ့်မယ်လို့ မျှော်လင့်မိတယ်” လို့ မာလာလာက ပြောပါတယ်။

ဒီရုပ်ရှင်ဟာ မာလာလာရဲ့ ဖခင်ဖြစ်တဲ့ ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဇီအာဒင် ယူဆက်ဖ်ဇိုင်း ကိုပါ အမှတ်ရစေတယ်လို့လည်း ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ကို ငြင်းပယ်ထားတဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကာ မာလာလာက ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တာကြောင့် ပါကစ္စတန်လူမျိုး တာလီဘန်သေနတ်သမားတဦးက ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ မာလာလာ အသက်ရှင်ခဲ့ပါတယ်။

နောက်တော့ မာလာလာဟာ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဖြစ်လာခဲ့ပါတယ်။ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ အော်စကာဆု ရရှိသူတွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။

12 mins Ago

March 27, 2022

အမျိုးသမီးအခွင့်အရေး အသိအမှတ်မပြုပါက တာလီဘန်ကိုလည်း အသိအမှတ်မပြုသင့်ဟု မာလာလာ ပြော

အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို အသိအမှတ်မပြုရင် တာလီဘန်အစိုးရကို နိုင်ငံတကာက သံတမန်ဆိုင်ရာအသိအမှတ် မပြုသင့်ဘူးလို့  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ ယူဆပ်ဖ်ဇိုင်ယာ က  ပြောလိုက်ပါတယ်။ 

စနေနေ့ကကျင်းပတဲ့  ကာတာနိုင်ငံ နိုင်ငံတကာဒိုဟာဖိုရမ်မှာ မာလာလာက “ကျမတို့ အကောင်းမြင်ကြည့်နေပါတယ်။ ကျောင်းတွေ မကြာခင်ပြန်ဖွင့်ရင် မိန်းကလေးတွေ ကျောင်းယူနီဖောင်းဝတ် ခွင့်ရမလား၊ ဒါမှမဟုတ် ကျောင်းအပြင်မှာ ငိုနေကြရမလား ခဏစောင့်ကြည့်ကြပါ။ ဒါဟာ ညှိနှိုင်းနေရမယ့် အခြေအနေ မဟုတ်ပါဘူး။ တာလီဘန်တွေက အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လူ့အခွင့်အရေးကို အသိအမှတ်မပြုရင် သူတို့ကို သံတမန်ရေး အသိအမှတ်မပြုကြပါနဲ့” လို့ ပြောခဲ့တာပါ။ 

အာဖဂန်နိုင်ငံဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်ကတော့ လာမယ့်ရက်ပိုင်းအတွင်း မိန်းကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး တာလီဘန်အစိုးရက အပြောင်းအလဲ အချိုးအကွေ့ ပြုလုပ်လာနိုင်တယ်လို့ အကောင်းမြင်ပါတယ်။

11 months Ago
Up