close

မာလီ

close

July 6, 2022

မာလီတွင် ထောက်ပို့ယာဉ်တန်း မိုင်းခွဲခံရပြီး ကုလငြိမ်းချမ်းရေးတပ်သား ၂ ဦးထက်မနည်း သေဆုံး

မာလီနိုင်ငံမြောက်ပိုင်းမှာ ထောက်ပံ့ပို့ဆောင်ရေးယာဉ်တန်း ဇူလိုင် ၅ ရက်က မိုင်းဖောက်ခွဲခံရတာကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် MINUSMA က ပြောပါတယ်။

ဇူလိုင် ၅ ရက် မနက်ပိုင်းက တက်စာလိုက်ရွာနဲ့ ဂေါင်မြို့ကြားလမ်းမှာ ဖြစ်ခဲ့တာလို့ MINUSMA က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က မြောက်ဘက် ခြောက်သွေ့တဲ့အရပ်မှာ အမြစ်တွယ်ခဲ့တဲ့ အစ္စလာမ္မစ် သောင်းကျန်းသူတွေက  နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အနောက်အာဖရိက နိုင်ငံမှာ မလုံခြုံမှုတွေ ကြီးထွားလာပါတယ်။

နိုင်ငံခြားတပ်တွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ ရှိနေပေမဲ့ အယ်လ်ကိုင်းဒါးတွေ၊ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့  အဆက်အစပ်ရှိတဲ့ စစ်သွေးကြွတွေဟာ အရှိန်အဟုန်နဲ့ တိုးမြင့်လာပါတယ်။

ပဋိပက္ခကြောင့် ဆာဟာရတောင်ဘက် ဆာဟဲဒေသတခွင်မှာ လူထောင်နဲ့ချီ သေဆုံးပြီး လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

လက်ရှိ မာလီနိုင်ငံအတွင်း ကုလသမဂ္ဂ ဘက်ပေါင်းစုံ ပေါင်းစပ်တည်ငြိမ်ရေးမစ်ရှင် MINUSMA ရဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၁၂,၂၀၀ လောက် တပ်စွဲထားပါတယ်။

ရန်လိုတဲ့လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၁၇၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ MINUSMA က ပြောထားပါတယ်။

41 mins Ago

January 24, 2022

မာလီရှိ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွင်း ပြင်သစ်စစ်သား ၁ ဦး သေဆုံး

မာလီနိုင်ငံ၊ ဂေါင်မြို့က စစ်တပ်အခြေစိုက်စခန်းတခုကို  မော်တာဗုံးသီးနဲ့ တိုက်ခိုက်မှုအတွင်း ပြင်သစ် စစ်သားတယောက် သေဆုံးတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းရဲ့ရုံးက ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် သေဆုံးသူ အလက်ဇန်ဒရေမာတင်ဟာ ဂေါင်မြို့က ရှေ့တန်းစစ်ဆင်ရေး အခြေစိုက်စခန်းက စစ်သည်တယောက်ဖြစ်ပါတယ်။

စစ်သွေးကြွတွေရဲ့ မော်တာနဲ့ တိုက်ခိုက်မှုအတွင်း တခြား ပြင်သစ် စစ်သား ၉ ယောက်လည်း ဒဏ်ရာနည်းနည်းရခဲ့တယ်။ ဒါဟာ မာလီမှာ ဖြစ်တောင့်ဖြစ်ခဲတော့ မဟုတ်ဘူးလို့ ပြင်သစ် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။

မာတင်ဟာ ဆာဟဲဒေသအတွင်း ၂၀၁၃ ကနေ ခုထိ စစ်ဆင်ရေးအတွင်း သေဆုံးတဲ့ ၅၃ ယောက်မြောက် စစ်သည်ပါ။ သူ့အတွက် ဂုဏ်ပြုပွဲကို မာလီနိုင်ငံမှာရော ပြင်သစ်နိုင်ငံမှာပါ ကျင်းပမယ်လို့ ပြင်သစ် စစ်တပ်က ပြောပါတယ်။

သမ္မတမက်ခွန်းကတော့ ပြင်သစ်ဟာ ဆာဟဲဒေသအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အဟန့်အတားမရှိ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

5 months Ago
Up