မာလီတွင် ထောက်ပို့ယာဉ်တန်း မိုင်းခွဲခံရပြီး ကုလငြိမ်းချမ်းရေးတပ်သား ၂ ဦးထက်မနည်း သေဆုံး

မာလီနိုင်ငံမြောက်ပိုင်းမှာ ထောက်ပံ့ပို့ဆောင်ရေးယာဉ်တန်း ဇူလိုင် ၅ ရက်က မိုင်းဖောက်ခွဲခံရတာကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင် MINUSMA က ပြောပါတယ်။
ဇူလိုင် ၅ ရက် မနက်ပိုင်းက တက်စာလိုက်ရွာနဲ့ ဂေါင်မြို့ကြားလမ်းမှာ ဖြစ်ခဲ့တာလို့ MINUSMA က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ဇူလိုင် ၅ ရက် သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က မြောက်ဘက် ခြောက်သွေ့တဲ့အရပ်မှာ အမြစ်တွယ်ခဲ့တဲ့ အစ္စလာမ္မစ် သောင်းကျန်းသူတွေက နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အနောက်အာဖရိက နိုင်ငံမှာ မလုံခြုံမှုတွေ ကြီးထွားလာပါတယ်။
နိုင်ငံခြားတပ်တွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ ရှိနေပေမဲ့ အယ်လ်ကိုင်းဒါးတွေ၊ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ အဆက်အစပ်ရှိတဲ့ စစ်သွေးကြွတွေဟာ အရှိန်အဟုန်နဲ့ တိုးမြင့်လာပါတယ်။
ပဋိပက္ခကြောင့် ဆာဟာရတောင်ဘက် ဆာဟဲဒေသတခွင်မှာ လူထောင်နဲ့ချီ သေဆုံးပြီး လူသန်းပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
လက်ရှိ မာလီနိုင်ငံအတွင်း ကုလသမဂ္ဂ ဘက်ပေါင်းစုံ ပေါင်းစပ်တည်ငြိမ်ရေးမစ်ရှင် MINUSMA ရဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင် ၁၂,၂၀၀ လောက် တပ်စွဲထားပါတယ်။
ရန်လိုတဲ့လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၁၇၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၄၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ MINUSMA က ပြောထားပါတယ်။