ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းက ဒေသခံရေလုပ်သားတဦး မြစ်ထဲ ပိုက်ချငါးဖမ်းရာမှ မိချောင်းတကောင် ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၁၀ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၄ ဦးဟာ ရာဇူဒိုင်မြစ်ထဲ ငါးဖမ်းနေတဲ့အချိန်မှာ မိကျောင်းဖမ်းမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ငါးဖမ်းတာက ပိုက်နဲ့ဖမ်းတာပါ၊ မျှားတာမျိုးမဟုတ်ဘူး။ မြစ်ထဲပိုက်ချဖမ်းတာ ဖော်တော့မှ မိကျောင်းပါလာတယ်ဆိုတာ သိတာ။ အကောင်သေးပါ ပေါက်စပုံစံမျိုးပါ” လို့ ဒေသခံတဦး က ပြောပါတယ်။
ငါးဖမ်းရင်း ဖမ်းမိခဲ့တဲ့ မိကျောင်းဟာ အလျား ၄ ပေကျော်ရှိပြီး ငါးဖမ်းပိုက်နဲ့ ခြေသည်း၊ လက်သည်းတွေငြိပြီး ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ညနေ ၄ နာရီကျော်လောက်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ ဖြုတ်ချိန်မှာ ပြန်ရန်ပြုတာမျိုးလုပ်တာကြောင့် ညနေ ၆ နာရီကျော်လောက်မှ ပြန်လွှတ်ပေးနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်ဒိုနီးရှားမှာ ၆ နှစ်ကြာအောင် မော်တော်ဆိုင်ကယ်တာယာ လည်ပင်းစွပ်မိနေတဲ့ မိချောင်းတကောင်ကို ဒေသခံလူတယောက်က ဖမ်းဆီးပြီး တာယာဖြုတ်ပေးခဲ့ပါတယ်။
အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေဆီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်ရှိ ‘တီလီ’ ဆိုသူက “မိချောင်းကို ကျနော် တယောက်တည်း ထောင်ပြီး ဖမ်းခဲ့တာပါ။ တခြားလူတွေကို အကူအညီတောင်းပေမဲ့ ကြောက်လို့ မလာကြဘူး” လို့ ပြောပါတယ်။
မိချောင်းကို ဖမ်းပြီးနောက် တီလီက လည်ပင်းမှာစွပ်နေတဲ့ တာယာကွင်းကို လွှနဲ့ဖြတ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။
တာယာကွင်းစွပ်မိနေတဲ့ မိချောင်းဟာ တခါတခါမှ ရေထဲကနေ ပေါ်လာတာပါ။ တီလီက ထူထဲတဲ့ကြိုးတွေနဲ့ ထောင်ချောက်တခုလုပ်ပြီး အထဲမှာ ကြက်တွေ ဘဲတွေကို အစာချထည့်ထားတာပါ။ နှစ်ကြိမ်တိတိ လွတ်ထွက်သွားပြီး သုံးကြိမ်မြောက်မှ ဖမ်းမိတယ်လို့ ပြောပါတယ်။
သူက တာယာကွင်းစွပ်မိနေတဲ့ မိချောင်းကို သနားစိတ်ဝင်ပြီး ကူညီမိတာလို့ ပြောပါတယ်။ အင်ဒိုနီးရှား ပြည်နယ်သဘာဝထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့က အဲဒီမိချောင်းရဲ့လည်ပင်းက ဆိုင်ကယ်တာယာ ဖြုတ်ပေးနိုင်ရင် ဆုချီးမြှင့်မယ်လို့ ၂၀၂၀ ခုနှစ်က ကမ်းလှမ်းထားတာပါ။ ဒါပေမဲ့ တီလီက အဲဒီကြော်ငြာကို သူ သတိမထားမိဘူးလို့ ပြောပါတယ်။