တာယာကွင်းစွပ်မိနေသည့် မိချောင်းကို အင်ဒိုနီးရှားဒေသခံ ၁ ဦးက ဖမ်းဆီးပြီး တာယာပြန်ဖြုတ်ပေး

အင်ဒိုနီးရှားမှာ ၆ နှစ်ကြာအောင် မော်တော်ဆိုင်ကယ်တာယာ လည်ပင်းစွပ်မိနေတဲ့ မိချောင်းတကောင်ကို ဒေသခံလူတယောက်က ဖမ်းဆီးပြီး တာယာဖြုတ်ပေးခဲ့ပါတယ်။
အင်ဒိုနီးရှားအလယ်ပိုင်း ဆူလာဝေဆီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်ရှိ ‘တီလီ’ ဆိုသူက “မိချောင်းကို ကျနော် တယောက်တည်း ထောင်ပြီး ဖမ်းခဲ့တာပါ။ တခြားလူတွေကို အကူအညီတောင်းပေမဲ့ ကြောက်လို့ မလာကြဘူး” လို့ ပြောပါတယ်။
မိချောင်းကို ဖမ်းပြီးနောက် တီလီက လည်ပင်းမှာစွပ်နေတဲ့ တာယာကွင်းကို လွှနဲ့ဖြတ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။
တာယာကွင်းစွပ်မိနေတဲ့ မိချောင်းဟာ တခါတခါမှ ရေထဲကနေ ပေါ်လာတာပါ။ တီလီက ထူထဲတဲ့ကြိုးတွေနဲ့ ထောင်ချောက်တခုလုပ်ပြီး အထဲမှာ ကြက်တွေ ဘဲတွေကို အစာချထည့်ထားတာပါ။ နှစ်ကြိမ်တိတိ လွတ်ထွက်သွားပြီး သုံးကြိမ်မြောက်မှ ဖမ်းမိတယ်လို့ ပြောပါတယ်။
သူက တာယာကွင်းစွပ်မိနေတဲ့ မိချောင်းကို သနားစိတ်ဝင်ပြီး ကူညီမိတာလို့ ပြောပါတယ်။ အင်ဒိုနီးရှား ပြည်နယ်သဘာဝထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့က အဲဒီမိချောင်းရဲ့လည်ပင်းက ဆိုင်ကယ်တာယာ ဖြုတ်ပေးနိုင်ရင် ဆုချီးမြှင့်မယ်လို့ ၂၀၂၀ ခုနှစ်က ကမ်းလှမ်းထားတာပါ။ ဒါပေမဲ့ တီလီက အဲဒီကြော်ငြာကို သူ သတိမထားမိဘူးလို့ ပြောပါတယ်။