အမေရိကန်နိုင်ငံပြည်ထောင်စု တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တွေဟာ ဩဂုတ် ၁၆ ရက်မှာ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ရှိ ဆေးဝါးထုတ်လုပ်ရေး စက်ရုံတရုံကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်က အကြီးဆုံး opioid မူးယစ်ဆေးပြားထုတ်လုပ်တဲ့ စက်ရုံကို လုပ်ကိုင် လည်ပတ်နေပုံရတဲ့ အထောက်အထားတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာတွေ့ခဲ့အပြီး ခုလို စီးနင်းခဲ့တာပါ။
မိုင်ယာမီမြို့က Healthplus Pharmacy ဆေးဝါးလုပ်ငန်းကို ရှာဖွေရေး ဝရမ်းနဲ့ အင်္ဂါနေ့က ဝင်ရောက်ရှာဖွေရာမှာ ဆေးဝါးစီမံကွပ်ကဲမှုရုံး (DEA)၊ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှု (HHS) တို့ကအရာရှိတွေ အပါအဝင် လူတစ်ဒါဇင်ကျော် ပါဝင်တာကို ဗွီဒီယိုရိုက်ကူးသူနဲ့ ရိုက်တာ ဓာတ်ပုံဆရာတစ်ဦးတို့က မျက်မြင်တွေ့ခဲ့ကြပါတယ်။
ဒီဆေးဝါးစက်ရုံဟာ အနည်းဆုံး ၂၀၀၆ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့တယ်လို့ HHS မှတ်တမ်းတွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် မြောက်ပိုင်း မိုင်ယာမီမြို့ထဲက ဘိလိယက် ကလပ်တခုရဲ့ အပြင်မှာ ပစ်ခတ်မှုကြောင့် လူ ၂ယောက် သေဆုံးပြီး တခြားလူ အယောက် ၂၀ကျော် ဒဏ်ရာရတယ်လို့ ရဲတွေက မေလ ၃၀မှာ ပြောပါတယ်။
အဖြူရောင် နစ်ဆန်း ပတ်ဖိုင်ဒါ ကားအမျိုးအစားဟာ အခင်းဖြစ်ရာကို ရောက်လာပြီး လူ ၃ ယောက်က တိုက်ခိုက်ရေး လက်နက်တွေ သေနတ်တိုတွေ ကိုင်စွဲပြီး ဂီတဖျော်ဖြေပွဲကို လာတဲ့ လူအုပ်ကို စတင်ပစ်ခတ်ခဲ့တယ်လို့ CNN သတင်းဌာနက ထုတ်လွှင့်ပါတယ်။
မနက်အစောပိုင်းက ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး တယောက်ဟာ အသည်းအသန် အခြေအနေမှာ ရှိနေပြီး ဒီအမှုအတွက် ရဲတွေက ဘယ်သူ့ကိုမှ ထိန်းသိမ်းထားတာ မရှိသေးပါဘူး။
အမေရိကန်နိုင်ငံမှာ ဒီနှစ်ရဲ့ ပထမ ၄ လလောက်အတွင်း လူတွေကို အစုလိုက် အပြုံလိုက် ပစ်ခတ်မှု အကြိမ် ၂၀၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ သေနတ်အသုံးပြု အကြမ်းဖက်မှု မော်ကွန်းတိုက်ရဲ့ အစီရင်ခံစာက အရသိရပါတယ်။