မန္တလေးမြို့၊ အမရပူရမြို့နယ် ပုထိုးကြီးအရှေ့ဘက်ပေါက် ခေါင်းလောင်းကြီးအနီးမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်က ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်ကားတွေ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကား DC နှစ်စီးနဲ့ ကင်းပတ်လာတဲ့ စစ်သားတွေကို ချိန်ကိုက်မိုင်းနဲ့ ဖောက်ခွဲခဲ့ရာမှာ နောက်ကားကို ထိမှန်ခဲ့ပြီး စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ No more Dictatorship People Defense Force အဖွဲ့က တာဝန်ရှိသူ ကိုနဂါးကြီးက ပြောပါတယ်။
“၆ လက်မပတ်လည်မိုင်းနဲ့ ဖောက်ခွဲခဲ့တာပါ။ လူနေအိမ်ကမရှိဘူး၊ နှစ်ယောက်ထိတယ်လို့တော့ ကြားတယ်။”
မိုင်းဆွဲခံရပြီးနောက် စစ်သားတွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ရှိတယ်လို့ ပြောပါတယ်။
မန္တလေးမြို့မှာ ဇန်နဝါရီ ၈ ရက်က Space Bar မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ရှေ့ကကားတစီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်နဲ့ ၈ ကီလိုမီတာခန့်အကွာရှိတဲ့ မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ်က ဖားချောင်းတံတားကို ဇွန် ၂၆ ရက် ည ၁၀ နာရီ ၂၀ မိနစ်လောက်က မိုင်းခွဲခံရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးမှာ စက်သုံးဆီဆိုင်ကြီးတဆိုင်ရှိပြီး တံတားဖောက်ခွဲခံရချိန် တံတားနားမှာ လုံခြုံရေးတပ်ဖွဲ့တွေ လုံခြုံရေးယူထားတာ မရှိသလို ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာရှိပါတယ်။
ပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။
မြဝတီမြို့မှာ ၂၀၂၂ ခုနှစ်အတွင်း ၃ ကြိမ်တိတိ မိုင်းပေါက်ကွဲခဲ့ပေမဲ့ ပျက်စီးမှုကြီးကြီးမားမား မရှိခဲ့တာကြောင့် နယ်စပ် ကုန်သွယ်စီးပွားရေးအတွက်တော့ ဒီလမ်းမကြီးကနေ ပုံမှန်သွားလာနေကြပါတယ်။