ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စခက ၉ တပ်ခြံစည်းရိုးနားမှာ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ပေါက်ကွဲပြီး မွတ်ဆလင်အမျိုးသမီးတယောက် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ ပလောင်ကျေးရွာက အသက် ၃၇ နှစ်အရွယ် မပူဆိုဘာနီ ဖြစ်ပြီး ရင်ညွန့်ကို မိုင်းစထိမှန် ဒဏ်ရာရခဲ့လို့ ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပါတယ်။
“စစ်ကောင်စီတပ်က သူတို့တပ်ရင်းတွေရဲ့ ခြံစည်းရိုးအစပ်တွေမှာ မိုင်းတွေ ထောင်ထားကြတာဗျ။ ရက္ခိုင့်တပ်တော်ကလည်း စစ်တပ်နဲ့ နီးစပ်တဲ့နေရာတွေ၊ သူတို့ စခန်းချခဲ့တဲ့ နေရာတွေကို မသွားကြဖို့ သတိပေးထားတယ်။”လို့ ဒေသခံကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးကာ ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အရပ်သား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းက သိရပါတယ်။
အကူအညီ ပေးခဲ့သူတဦးက "မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်က။ နောင်ပြစ်အုပ်စု၊ နောင်ပြစ်ကျေးရွာ (ဟောင်း) မှာနေတဲ့ လွေးအေးယဥ်ပါ။ ခေါင်းမှာ မိုင်းစ ထိမှန်ခဲ့တာ" လို့ ပြောပါတယ်။
လက်ဖက်ခြံကိုသွားရင်း လက်ဖက်ခြံတဲနားအရောက် ရှေ့ကသွားတဲ့ ခွေးက မိုင်းနင်းမိပြီး ပေါက်ကွဲကာ အဲဒီအမျိုးသမီးကို မိုင်းစထိမှန်ခဲ့တာလို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
“ကံကောင်း ထောက်မစွာနဲ့ သူ့ထက် ခွေးကအရင်ရောက်လို့ ခွေးက သာမိုင်းနင်းမိသွားတာ။ သူ့ကိုတော့ မိုင်းစပဲ ထိမှန်ခဲ့တယ်။”
လက်ဖက်ခြံကနေ ရွာအထိ သွားလာလမ်း ကျဉ်းတာကြောင့် သူမရဲ့ အမျိုးသားက ရွာအထိ ကျောပိုးသယ်လာရပြီး မိုးသည်းနေတာကြောင့် သွားလာရခက်ခဲလို့ ညနေပိုင်း မိုးတိတ်ချိန်မှ ရွာခံ ၂ ဦးက နောင်ပြစ်ကနေ ကြူရှော မြောက်ရွာထိ သယ်ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
ကြူရှော မြောက်ရွာကနေ ကျောက်မဲဆေးရုံကိုတော့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း လာကြိုကာ ပို့ဆောင်ပေးခဲ့တယ်လို့ ရွားသားတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ RCSS နဲ့ SSPP, TNLA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေတာ လချီကြာပြီ ဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို မကြာခဏ မိုင်းနင်းမိ ဒဏ်ရာရသူတွေလည်း များပြားလာတယ်လို့ သိရပါတယ်။