close

မိုင်းထိ

close

October 18, 2022

ပခုက္ကူမြို့နယ်၌ သံဃာတော်များလိုက်ပါလာသည့်ကား မိုင်းထိမှန်ပြီး ၁ ပါး ပျံလွန်တော်မူ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ညောင်လှကျေးရွာအဝင်မှာ အောက်တိုဘာ ၁၆ ရက် နေ့လယ်က သံဃာတော် ၄ ပါး လိုက်ပါလာတဲ့ ကားတစီး မိုင်းထိမှန်ပြီး   ၁ ပါး ပျံလွန်တော်မူ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပခုက္ကူမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ မဟာဝိသုတာရာမ (အလယ်တိုက်) သာသနာ့ဝံသကျောင်းမှာ သတင်းသုံးတဲ့ သက်တော် ၃၀ ကျော်အရွယ်သံဃာတော်တွေဖြစ်​ကြတဲ့ ဥူးပညာဇောတ၊ ဥူးနဒ္ဒါစရိယ၊ ဥူးဣန္ဒြာစရိယနဲ့ ဥူးဝိစာရတို့ လိုက်ပါလာတဲ့ ကားမိုင်းပေါက်ကွဲပြီး ဥူးနဒ္ဒါစရိယ မိုင်းထိမှန်ဒဏ်ရာနဲ့ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကားက နင်းမိုင်းမိပြီး ရပ်ထားတုန်း ပျူစောထီးတွေရောက်လာတယ်။ ကားမှာ သေနတ်ပစ်ခံထားရတာတွေရော တွေ့ရတယ်။ စစ်တပ်လော်ဘီတွေကတော့ အကြမ်းဖက်PDF  တွေလုပ်တာလို့ တင်ထားပေမဲ့ ကိုယ့်ဘက်ကတော့ ဘုန်းကြီးကားကို ပစ်မှာမဟုတ်ဘူး၊ ပေါက်ကွဲတဲ့ မိုင်းကလည်း ဘယ်သူလုပ်ထားလည်း မသိရဘူး"လို့  ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကားပေါ်ပါ သံဃာ ၄ ပါးစလုံး မိုင်းစထိမှန်ခဲ့ပြီး ဆရာတော်ဥူးနဒ္ဒါစရိယ သက်တော် ၃၃ နှစ်၊ ဝါတော် ၁၃ ဝါဟာ  ဒဏ်ရာပြင်းထန်တာကြောင့် ပျံလွန်တော်မူခဲ့တယ်လို့ပြောပါတယ်။  ဒဏ်ရာရသွားတဲ့ သံဃာတွေကို ပခုက္ကူမြို့နယ်၊ မြစ်ခြေ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

သံဃာတော် ၄ ပါးဟာ NISSAN အနက်ရောင်ကားနဲ့ ပခုက္ကူမြို့နယ်၊ ပေါက်တောကျေးရွာရှိ ဥူးပညာဇောတရဲ့ နေအိမ်ကိုသွားဖို့ ပခုက္ကူ-ဆိပ်ဖြူသွားကားလမ်းအတိုင်း   ဥူးပညာဇောတက မောင်းနှင်လာစဉ် ညောင်လှကျေးရွာအဝင်မှာ လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီကလည်းသတင်းထုတ်ထားပါတယ်။

ပေါက်ကွဲပြီးနောက် တခြားမိုင်း ၁၀ လုံးလောက်ကိုလည်း အဆိုပါ နေရာအနီးနားမှာတွေ့ရှိခဲ့ကာ မိုင်းတွေကို မိုင်းကွဲချိန်ရောက်ရှိလာတဲ့ ပျူစောထီးတွေက လာရောက်သိမ်းဆည်းသွားခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

Photo-DSINFO

12 mins Ago

September 11, 2022

မင်းပြားမြို့နယ်တွင် အမျိုးသား ၁ ဦး မိုင်းထိပြီး ခြေနှစ်ဖက်ပြတ်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သမင်ခရာကျေးရွာက အမျိုးသား တယောက် စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက မြေမြုပ်မိုင်း ထိပြီး ခြေနှစ်ဖက်လုံး ပြတ်သွားတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မိုင်ထိသွားသူဟာ အသက် ၃၈ နှစ်ရှိ ဦးအောင်ထွန်းဖြူဖြစ်ပြီး ဂဏန်းမြှုံးသွားထောင်ချိန် ခမရ ၅၄၁ တပ်ရင်းနားမှာ မိုင်းနင်းမိတာလို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့က တာဝန်ရှိသူ ကိုအမ်းသားကြီးက ပြောပါတယ်။

"မိုင်းထိသွားတာက ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာဖြစ်တယ်။ သူက ဂဏန်းမြှုံးသွား ထောင်တာ။ အဲဒါ အလေးသွားချင်တာကြောင့် ၅၄၁ တပ်ရင်းဘက်က ကုန်းကို တက်သွားတာ။ အဲဒီမှာ မြေမြုပ်မိုင်း ထိတာ။ ခြေကတော့ နှစ်ဖက်စလုံး ပြတ်သွားတယ်။ အခုအရေးပေါ်လူနာ အဖြစ် မင်းပြားဆေးရုံကနေ့ မြောက်ဦးခရိုင်ဆေးရုံးကို ပို့ထားတယ်။" 

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်မိတာ ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတာနဲ့ အသက်သေဆုံးတာတွေ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်အတွင်း  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းထိပြီး သေဆုံးသူ ၁၀ ယောက်ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်အထိရှိလာပြီ ဖြစ်ပါတယ်။

1 month Ago
Up