ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စခက ၉ တပ်ခြံစည်းရိုးနားမှာ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ပေါက်ကွဲပြီး မွတ်ဆလင်အမျိုးသမီးတယောက် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ ပလောင်ကျေးရွာက အသက် ၃၇ နှစ်အရွယ် မပူဆိုဘာနီ ဖြစ်ပြီး ရင်ညွန့်ကို မိုင်းစထိမှန် ဒဏ်ရာရခဲ့လို့ ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပါတယ်။
“စစ်ကောင်စီတပ်က သူတို့တပ်ရင်းတွေရဲ့ ခြံစည်းရိုးအစပ်တွေမှာ မိုင်းတွေ ထောင်ထားကြတာဗျ။ ရက္ခိုင့်တပ်တော်ကလည်း စစ်တပ်နဲ့ နီးစပ်တဲ့နေရာတွေ၊ သူတို့ စခန်းချခဲ့တဲ့ နေရာတွေကို မသွားကြဖို့ သတိပေးထားတယ်။”လို့ ဒေသခံကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးကာ ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် သန့်ရှင်းရေးလုပ်နေသူ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာ ဘုန်းကြီးကျောင်းမှာ တရားစခန်းဖွင့်ဖို့ သန့်ရှင်းရေးလုပ်နေစဉ် ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသားနှစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျောင်းမှာ တရားစခန်းရှိလို့ ရွာထဲက သူတွေ လုပ်အားပေး သန့်ရှင်းရေး ဝိုင်းကူနေချိန် မနက် ၁၁ နာရီခွဲလေက်က ပေါက်တာ။ ကျောင်းထဲမှာတော့ မဟုတ်ဘူး။ ကျောင်းအပြင် လမ်းမ မှာပေါက်တာ။ ပေါက်ကွဲတဲ့အရှိန်နဲ့ ကျောက်ခဲတွေ လွင့်စင်ပြီး သန့်ရှင်းရေး ဝိုင်းကူသူ နှစ်ဦး ကို လာထိပြီး ဒာဏ်ရာရတယ်၊ ဘယ်အဖွဲ့ က ထောင်လဲတော့မသိဘူး" လို့ သန့်ရှင်းရေးမှာ ပါဝင်ခဲ့သူ အမျိုးသမီးတဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲပြီး ဦးထွန်းဦးနဲ့ ဦးလှမောင်သိန်းတို့ ခြေထောက်နဲ့ ပေါင်မှာ (မစိုးရိမ်ရ) ဒဏ်ရာတွေ ရှိခဲ့တာပါ။
ဖားကန့်မြို့နယ်မှာ ပေါက်ကွဲမှုတွ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့တဲ့ မတ်လက စည်ပင်သာယာရုံးမှာ ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ရုံးဝန်ထမ်းတဦး ဒဏ်ရာရှိခဲ့တဲ့အပြင် ရဲစခန်းအနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲသုံးဦး ဒဏ်ရာရှိခဲ့ပါတယ်။