close

မိုင်းပေါက်

close

May 9, 2023

မိုင်းပေါက် ဆံပင်ညှပ်ဆိုင်တွင် ရောင်းစားခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာ

"ဝ"ဒေသ၊ မိုင်းပေါက်မြို့ရှိ Sinဆံ ပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့ အမျိုးသမီးတဦး အုတ်တံတိုင်းကို ကျော်ခွပြီး ထွက်‌ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

ပွဲစားဖြစ်သူ အစ်မဝမ်းကွဲရဲ့ အဆက်အသွယ်နဲ့ တလသိန်း ၇၀ ဝင်ငွေရတယ်ဆိုတာကြောင့် အလုပ်ကို လုပ်ကိုင်နိုင်ဖို့ မိုင်းပေါက်မြို့ကို ရောက်လာပြီးမှ ရောင်းစားခံရ‌တာကို  သိရပြီး ၅ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာတာလို့ ပဲခူးမြို့နေ ရောင်းစားခံရသူ မအေးဝင်း(အမည်လွှဲ) က ပြောပါတယ်။

မအေးဝင်းဟာ လစာ ၁ သိန်း ၂ သောင်းရတဲ့ ရန်ကုန်မြို့က ဆံပင်ညှပ်ဆိုင်မှာ လုပ်ကိုင်ခဲ့ပြီး လစာငွေ နည်းတာကြောင့် ပွဲစားဖြစ်သူ အစ်မဝမ်းကွဲကတဆင့် ဝင်ငွေကောင်းတဲ့ မိုင်းပေါက်မြို့မှာ လာရောက်လုပ်ကိုင်တာလို့ ဆိုပါတယ်။

မအေးဝင်းဆီက တရုတ်ယွမ်ငွေ ၃၀၀၀ နဲ့ အလုပ်ရှင်ဆီက ၂၀၀၀ စုစုပေါင်း တရုတ်ယွမ်ငွေ ၅၀၀၀ ကို ပွဲစားကရရှိပြီး ရန်ကုန်ကနေ မိုင်းပေါက်ထိ ကားခကိုလည်း တရုတ်ယွမ်ငွေ ၁၀၀၀ ပေးရတယ်လို့ ပြောပါတယ်။

ရောင်းစားခံရပြီး ပထမရက်နဲ့ ဒုတိယရက်ကိုတေ့ာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ခဲ့ရပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ အတင်းစေခိုင်းခံရကြောင်း၊ မလုပ်နိုင်‌ရင် မြန်မာငွေ ၂၅ သိန်းအလျော်ပေးဖို့ ပြောလာတာကြောင့် ပို့‌တဲ့နေရာကို လိုက်သွားခဲ့ရတယ်လို့ မအေးဝင်းက ပြောပါတယ်။

အခန်းထဲမှာ ၃ ရက်လောက် နေခဲ့ရပြီး ဘာအလုပ်မှ မလုပ်ခဲ့ရဘဲ ထွက်ပြေးချိန်မှာ‌တေ့ာ ဖိနပ်မပါဘဲ ဖုန်းတလုံးနဲ့ တရုတ်ယွမ်ငွေ ၁ ထောင်ကိုသာ ယူဆောင်ခဲ့ရပြီး အဝတ်အိတ်နဲ့ ပါလာသမျှ ပစ္စည်းတွေကို ချန်ခဲ့ရတယ်လို့ ဆိုပါတယ်။

Sin ဆံပင်ညှပ်ဆိုင်ဟာ အမည်ခံသာဖြစ်ပြီး နောက်ကွယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေပြီး သူဌေးက တရုတ်လူမျိုး ဖြစ်ပါတယ်။

ပြည့်တန်ဆာနဲ့ ကျားဖြန့်အလုပ်မှန်းသိပြီး ရောက်လာကြတဲ့သူတွေရှိသလို အချို့က ပွဲစား‌တွေ လိမ်လည်ရောင်းစားတာကြောင့် ဘာအလုပ်မှန်း သေချာမသိဘဲ ရောက်လာကြတာ ဖြစ်ပါတယ်။

ဧပြီလ မတိုင်ခင်ကလည်း ကြိုးဆွဲချ အဆုံးစီရင်တဲ့သူ ရှိခဲ့ပြီး အချို့က ထွက်ဖို့ လျော်ကြေးငွေ မပေးနိုင်ဘဲ သူဌေးဆီက ငွေပြန်ချေးယူတာကြောင့် မလွတ်မြောက်နိုင်‌တေ့ာဘဲ ဆက်လုပ်‌နေကြရတာ ဖြစ်ပါတယ်။

အလုပ်ချိန်က မနက် ၂ နာရီကနေ ၅ နာရီအထိဖြစ်ပြီး နာရီဝက်ကို သူဌေးနဲ့အတူ မြန်မာငွေ တယောက် ၁ သိန်းစီနဲ့ မနက် ၂ နာရီက‌နေ ၅ နာရီထိ ဧည့်ခံနိုင်သူက သူဌေးနဲ့အတူ မြန်မာငွေ ၄ သိန်းကျပ်စီ ရပါတယ်။

မြန်မာအမျိုးသမီးတွေအပြင် တရုတ်နဲ့ ဗီယက်နမ်သူတွေလည်း ရှိနေပြီး အဲဒီအဆောက်အဦရှိတဲ့ လမ်း‌ဟာ လူတွေနဲ့ အမြဲစည်ကားနေပါတယ်။

မိုင်းပေါက်မြို့ကို အလုပ်လာလုပ်ချင်တဲ့ သူတွေကို ရောင်းစားခံရတဲ့ အခြေအနေက‌နေ ထွက်ပြေးလွတ်မြောက်လာတဲ့ မအေးဝင်းက "သေချာမေးမြန်းစုံစမ်းပြီးမှ သွားစေချင်တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း မယုံရဘူး။ အစ်မဝမ်းကွဲက ဒီမှာပိုက်ဆံပိုရတယ်ပြောပြီး ခေါ်တာ။ ဆံပင်ညှပ်ဆိုင်မှာပဲ လုပ်ရမယ် ထင်နေတာ။ သေချာစုံစမ်းပြီးမှ သွားကြပါ"လို့ ပြောပါတယ်။

"ဝ"ဒေသ၊ မိုင်းပေါက်မြို့မှာ ကုန်ဈေးနှုန်း‌တွေ အရမ်းကိုမြင့်မားပြီး  ကျားဖြန့်ကုမ္ပဏီတွေ များစွာရှိသလို လူကုန်ကူးမှု အများဆုံးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

34 mins Ago

April 17, 2023

‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားကျင်းပ

‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားနဲ့ စစ်ရေးပြပွဲတွေကို ဧပြီ ၁၇ ရက် ဒီမနက်ပိုင်းက ‘ဝ’ပြည်မြောက်ပိုင်း၊ မိုင်းပေါက်မြို့ရှိ ၄၆၈  တပ်နဲ့ ‘ဝ’ ပြည်တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ၊ မုံးကျွတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ‘ဝ’ ပြည်ငြိမ်းချမ်းရေးရယူပေးခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျောက်ညီလိုင်း(တလိုင်း)ကွယ်လွန်နဲ့ ဦးပေါက်ယူချန်း(တပန်း)တို့ကို တေးသီချင်းတွေနဲ့ သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။

မိုင်းပေါက်မြို့မှာ ၃၄ နှစ်မြောက် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ဧပြီလ ၇ ရက်ကစပြီး  ၁၆ ရက်နေ့ထိ ၁၀ ရက်ကြာ ဘောလုံး၊ အပြေးပြိုင်၊ လွန်ဆွဲပွဲနဲ့ ဘတ်စကက်ဘောပြိုင်ပွဲတွေကို မြို့နယ်ပေါင်းစုံက ကျောင်းသား၊ လူငယ်တွေက ကျင်းပခဲ့ကြပြီး အားကစားပြိုင်ပွဲအပြင် အကပြိုင်ပွဲတွေလည်း ပါရှိပါတယ်။

‘ဝ’ပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေမှာ "ဝ"ဖတ်စာအုပ်ရဲ့ ပထမတန်းကစလို့ ပဉ္စမတန်းထိ ထည့်သွင်းသင်ကြားပေးထားတာကြောင့် ဒေသခံကျောင်းသားကလေးငယ်တွေ အနေနဲ့ ဝ’ပြည်ငြိမ်းချမ်းရေးနေ့ကို ကောင်းစွာသိရှိကြောင်း ‌"ဝ"စာပေသင်ကြားသူ ဆရာမတဦးက ပြောပါတယ်။

တရုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ တရုတ်ယွမ်ငွေနဲ့ တရုတ်စာတွေကိုသာ အဓိကထား အသုံးပြုနေတဲ့ "ဝ"ဒေသမှာ နှစ် ၃၀ ပြည့်မတိုင်ခင်ကစပြီး ဌာနဆိုင်ရာ ရုံးတွေမှာ "ဝ"စာပေတွေကို ထည့်သွင်းအသုံးပြုနေပြီ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ မြန်မာစစ်အစိုးရနဲ့ UWSP/UWSA ‘ဝ”တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား ငြိမ်းချမ်းရေးရရယူခဲ့တာ အခုနှစ် ၂၀၂၃ မှာတေ့ာ  ၃၄ နှစ်ပြည့်မြောက်တာ ဖြစ်ပါတယ်။

3 weeks Ago
Up