‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားကျင်းပ

‘ဝ’ပြည်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက် အခမ်းအနားနဲ့ စစ်ရေးပြပွဲတွေကို ဧပြီ ၁၇ ရက် ဒီမနက်ပိုင်းက ‘ဝ’ပြည်မြောက်ပိုင်း၊ မိုင်းပေါက်မြို့ရှိ ၄၆၈ တပ်နဲ့ ‘ဝ’ ပြည်တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ၊ မုံးကျွတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ‘ဝ’ ပြည်ငြိမ်းချမ်းရေးရယူပေးခဲ့တဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးကျောက်ညီလိုင်း(တလိုင်း)ကွယ်လွန်နဲ့ ဦးပေါက်ယူချန်း(တပန်း)တို့ကို တေးသီချင်းတွေနဲ့ သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
မိုင်းပေါက်မြို့မှာ ၃၄ နှစ်မြောက် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ဧပြီလ ၇ ရက်ကစပြီး ၁၆ ရက်နေ့ထိ ၁၀ ရက်ကြာ ဘောလုံး၊ အပြေးပြိုင်၊ လွန်ဆွဲပွဲနဲ့ ဘတ်စကက်ဘောပြိုင်ပွဲတွေကို မြို့နယ်ပေါင်းစုံက ကျောင်းသား၊ လူငယ်တွေက ကျင်းပခဲ့ကြပြီး အားကစားပြိုင်ပွဲအပြင် အကပြိုင်ပွဲတွေလည်း ပါရှိပါတယ်။
‘ဝ’ပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေမှာ "ဝ"ဖတ်စာအုပ်ရဲ့ ပထမတန်းကစလို့ ပဉ္စမတန်းထိ ထည့်သွင်းသင်ကြားပေးထားတာကြောင့် ဒေသခံကျောင်းသားကလေးငယ်တွေ အနေနဲ့ ဝ’ပြည်ငြိမ်းချမ်းရေးနေ့ကို ကောင်းစွာသိရှိကြောင်း "ဝ"စာပေသင်ကြားသူ ဆရာမတဦးက ပြောပါတယ်။
တရုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ တရုတ်ယွမ်ငွေနဲ့ တရုတ်စာတွေကိုသာ အဓိကထား အသုံးပြုနေတဲ့ "ဝ"ဒေသမှာ နှစ် ၃၀ ပြည့်မတိုင်ခင်ကစပြီး ဌာနဆိုင်ရာ ရုံးတွေမှာ "ဝ"စာပေတွေကို ထည့်သွင်းအသုံးပြုနေပြီ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ မြန်မာစစ်အစိုးရနဲ့ UWSP/UWSA ‘ဝ”တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား ငြိမ်းချမ်းရေးရရယူခဲ့တာ အခုနှစ် ၂၀၂၃ မှာတေ့ာ ၃၄ နှစ်ပြည့်မြောက်တာ ဖြစ်ပါတယ်။