မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သုခရပ်ကွက်က ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ မေ ၁၀ ရက် မနက် ၂ နာရီက တိုက်ခိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
အောင်သုခရပ်ကွက်နေ အမျိုးသမီးတဦးက “လက်နက်ကြီး ပေါက်ကွဲသံတွေ ကြားရတယ်။ သေနတ်တွေလည်း ဆက်တိုက်ပစ်သံတွေ ကြားရတာ။ အဲ့ဘုန်းကြီးကျောင်း အဆောင်ထဲမှာ သူတို့ စစ်သားတွေရှိတယ်။ ပစ်သံတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုရင် ရင်တောင်တုန်တယ်၊ ဘယ်မှကို မသွားနိုင်ဘူး” လို့ ပြောပါတယ်။
ဓမ္မရက္ခိတဘုန်းကြီးကျောင်း အဆောင်ထဲက စစ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နှစ်နာရီကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုန်းကြီးနှစ်ပါးနေတဲ့ အဆောင် ထိမှန်ပျက်စီးခဲ့သလို အနီးအနား နေအိမ်တွေလည်း ထိမှန်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “လက်နက်ကြီးကျည်တွေက အနီးနား အိမ်တွေပေါ် လာကျတယ်။ အေးစေတီရပ်ကွက်က အိမ်ဆို ခေါင်မိုးပွင့်ပြီး အိပ်နေတဲ့ကလေး လည်ပင်းနား ထိသွားတာ။ ကလေးဆို သနားပါတယ်။ မနက်မှ ဆေးရုံပို့ရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်တဲ့ မိန်းကလေးဟာ အသက် ၁၀ နှစ်ဝန်းကျင်ဖြစ်ပြီး အခုလက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းအတွင်းက စစ်သားတွေကို ဘယ်အဖွဲ့က ပစ်ခတ်တယ် ဆိုတာကို မသိရသေးသလို နှစ်ဖက်ထိခိုက်တဲ့ အခြေအနေကို သတင်းထုတ်ပြန်တာ မရှိသေးဘဲ ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရောင်ခြည်ဦးအဆောင်ထဲကို အင်အားသုံး ဝင်ရောက်ရှာဖွေခဲ့ပြီး မြို့တွင်း အစစ်အဆေး တင်းကျပ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မင်းတံတားရပ်ကွက်၊ လျှပ်စစ်မီတာရုံးမှာ ဧပြီ ၂၉ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လျှပ်စစ်မီတာရုံးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးနားနေအိမ်က မှန်တွေကွဲခဲ့တဲ့အပြင် ရပ်ကွက်ထဲက နေအိမ်တချို့ ဗုံးအစအနတွေထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လျှပ်စစ်ရုံးထဲကွဲတာ။ အသံမှတော်တော်ကျယ်တယ်။ ပေါက်ကွဲသံနှစ်ချက်အရင်ကြားတယ်။ ပြီးမှသေနတ်သံတွေဆက်တိုက်ကြားတာ။ အဝေးကဆို မြင်ရတာ လျှပ်စီးလက်နေသလိုပဲ။”
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ လူတွေထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "လျှပ်စစ်ရုံးခွဲခံရတာ နည်းနည်းတောင်နောက်ကျတယ်ပြောရမယ်။ သူတို့မီတာမကောက်ရသေးတာ တမြို့လုံးမှ နှစ်ရပ်ကွက်လောက်ကျန်တာ။ အကုန်မီတာမဆောင်ရင်ခင် လိုက်ဖြတ်နေတာကြာလှပြီ။ ဆောင်ထားပြီးလည်း ခဏခဏ လာလာ ကောက်တယ်"လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ ရပ်ကွက်တွေကို စစ်ကောင်စီတပ်စစ်သား၊ ရဲ၊ လျှပ်စစ်ရုံးဝန်ထမ်းတွေ တအိမ် တက်ဆင်း မီတာခလိုက်လံကောက်ခံနေပြီး မပေးတဲ့နေအိမ်တွေကို တခါတည်း မီတာ ဖြတ်ချသွား တယ်လို့ သိရပါတယ်။