close

မိုးကုတ်မြို့ လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မင်းတံတားရပ်ကွက်၊ လျှပ်စစ်မီတာရုံးမှာ ဧပြီ ၂၉ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

လျှပ်စစ်မီတာရုံးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးနား​နေအိမ်က မှန်တွေကွဲခဲ့တဲ့အပြင် ရပ်ကွက်ထဲက နေအိမ်တချို့ ဗုံးအစအနတွေထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

"လျှပ်စစ်ရုံးထဲကွဲတာ။ အသံမှတော်တော်ကျယ်တယ်။ ပေါက်ကွဲသံနှစ်ချက်အရင်ကြားတယ်။ ပြီးမှသေနတ်သံတွေဆက်တိုက်ကြားတာ။ အဝေးကဆို မြင်ရတာ လျှပ်စီးလက်နေသလိုပဲ။”

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ လူတွေထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့  မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက "လျှပ်စစ်ရုံးခွဲခံရတာ နည်းနည်းတောင်နောက်ကျတယ်ပြောရမယ်။ သူတို့မီတာမကောက်ရသေးတာ တမြို့လုံးမှ နှစ်ရပ်ကွက်လောက်ကျန်တာ။ အကုန်မီတာမဆောင်ရင်ခင် လိုက်ဖြတ်နေတာကြာလှပြီ။ ဆောင်ထားပြီးလည်း ခဏခဏ လာလာ ကောက်တယ်"လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ ရပ်ကွက်တွေကို စစ်ကောင်စီတပ်စစ်သား၊ ရဲ၊ လျှပ်စစ်ရုံးဝန်ထမ်းတွေ တအိမ် တက်ဆင်း မီ​တာခလိုက်လံကောက်ခံနေပြီး မပေးတဲ့နေအိမ်တွေကို တခါတည်း မီတာ ဖြတ်ချသွား တယ်လို့ သိရပါတယ်။

Up