close

မိုးကောင်း

close

January 30, 2023

မိုးကောင်းတွင် စစ်ထောက်လှမ်းရေးဗိုလ်ကြီး ၁ ဦးနှင့် SNA တပ်ဖွဲ့ဝင် ၉ ဦးကို UG အဖွဲ့က ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်ထောက်လှမ်းရေးဗိုလ်ကြီးတယောက်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)တပ်ဖွဲ့ဝင် ၉ ယောက်ကို  ဒေသခံ မြေအောက်တော်လှန်ရေး UG အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မိုးကောင်းမြို့မှာ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ ၉ ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး‌ ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒိုထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“လဂေါင်ကျေးရွာ အနောက်ဘက်မှာ ဟန်ပြအခင်းလုပ်ထားတယ်ဗျ။ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ သူ့အဖွဲ့ ၉ ယောက်ရဲ့ ဝန်ခံချက်အရ အခင်းဟန်ပြလုပ်နေပြီး ကျနော်တို့ တော်လှန်အဖွဲ့တွေကို ပိတ်ပင်အနှောင့်အယှက်ပေးဖို့ အထက်ကလူကြီးတွေ ညွှန်ကြားတာလို့ပြောတယ်။ အဲ့အခင်းကို KIA ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ကျော်စိုး (ခ) မင်းမင်းလှိုင်တို့ ပိုင်တယ်လို့ သိရတယ်ဗျ။ ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ မသိရဘူးဗျ။ ကျန်ရှိတဲ့ သူတို့နဲ့ပတ်သက်နေတဲ့ အဖွဲ့ဝင်တွေက မဟုတ်မမှန် စွပ်စွဲပြောဆိုနေတယ်ဆိုတာလည်း သိရတယ်ဗျ။”

မိုးကောင်းမြို့နယ်၊ အလယ်ရပ် ရပ်ကွက်နေ SNA ခေါင်းဆောင်လို့ ဝန်ခံထားသူ ကျော်စိုး (ခ) မင်းမင်းလှိုင် ဆိုသူနဲ့ လဂေါင်ကျေးရွာအနီး ဟန်ပြအခင်းလုပ်ဆောင်နေတဲ့ SNA အဖွဲ့အစည်းတချို့နဲ့ ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်တို့ကို ဆက်လက် ဖမ်းဆီး စစ်ဆေးမေးမြန်းနေတယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

12 hours Ago

January 29, 2023

မိုးကောင်းမြို့နယ်ရှိ ဆားမှော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှာ  ဇန်နဝါရီ ၂၈ မနက်ပိုင်းက   မီတာခ အတင်းအကျပ် ကောက်ခံတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကြည်ဟာ လျှပ်စစ်ရုံး ဝန်ထမ်းတွေနဲ့ပေါင်းပြီး ကျေးရွာအတွင်းမှာ မီတာခ အတင်းအကျပ် ကောက်ခံနေတာကြောင့် ဗုံးဖောက်ခွဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

"ကျေးရွာအုပ်ချုပ်ရေးမှူးက  လျှပ်စစ်ရုံး ဝန်ထမ်းတွေနဲ့ ပေါင်းစားနေတာ။ အိမ်တွေကို မီတာ လိုက်ဖတ်တာ မရှိဘဲ ဟိုအိမ်ဘယ်လောက်၊ ဒီအိမ်ဘယ်လောက်ဆိုပြီး ရမ်းသန်းကောက် ပေါင်းစားနေတာ။ မနက် ၆ နာရီလေါက်က ဗုံးနှစ်လုံးကွဲတယ်။  မီတာခ ရမ်းသန်းကောက်ပြီး ပေါင်းစားနေလို့ ခွဲတယ်လို့ပဲထင်တယ်။ ဘယ်အဖွဲ့ ဖောက်ခွဲလည်း ဆိုတာကတော့ မသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

“မနက်ခင်းဆိုတော့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရုံးမှာမရှိတဲ့အချိန် ပေါက်ကွဲတာ။ ဗုံးနှစ်လုံးပေါက်တာ အမိုးပွင့်သွားတယ်၊ စစ်တပ်က လာစစ်နေတယ်” လို့  အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူတဦးက ပြောပါတယ်။

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာနဲ့ ထုံးဖူးကျေးရွာကြား မီးရထားသံလမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မိုင်းငါးလုံးပေါက်ကွဲခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

2 days Ago
Up