တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်မှာ မိုးခေါင်လို့ ရေတွင်းတူးသမားတွေ တရက်ကို ၁၅ နာရီကြာအောင် အလုပ်လုပ်နေရပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့က လယ်သမားတွေဟာ ဆိုးရွားတဲ့ မိုးခေါင် ရေရှားမှုကို တိုက်ဖျက်ဖို့ နာရီပေါင်းများစွာ ရေတွင်းတွေ တူးနေရတယ်လို့ ရိုက်တာသတင်းဌာနကို သြဂုတ် ၂၇ ရက်က ပြောခဲ့ပါတယ်။
“ဒီရွာတွေအားလုံးက အထူးသဖြင့် ခြောက်သွေ့နေတယ်”လို့ ကျိုကျန်းမြို့ တာ့ရှန်းရွာက ရေတွင်းတူးဖော်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကောင်းဖူးချာက ပြောပါတယ်။
“ရေတွင်းတူးဖို့ အကြောင်းကြားစာရတဲ့အခါ စောစောထပြီး နောက်ကျမှ အလုပ်သိမ်းရတယ်။ တနေ့ကို ၁၅ နာရီကျော် အလုပ်လုပ်ရတယ်။”
အနားက တခြားရွာမှာ အသက် ၇၂ နှစ်အရွယ် ချန်မျိုးရိုးက အဘိုးအိုတယောက်ဟာ အိမ်က ကြက်တွေကို အစာကျွေးဖို့ လက်ကျန်ဆန်စပါးနှံများကို လယ်ကွင်းတွေထဲကနေ ကောက်သင်း ကောက် လိုက်ကောက်နေရပါတယ်။
အနားက ရေလှောင်ကန်တွေက စပါးစိုက်ခင်းတွေမှာသာ ရေပြည့်နိုင်တယ်လို့ ချန်က ဆက်ပြောပါတယ်။
" မြေတွေ ခြောက်သွေ့ကုန်လို့ နှမ်း၊ ပြောင်း၊ ကန်စွန်းဥ၊ ဝါဂွမ်းတွေ အားလုံး ခြောက်သွားပြီ။"
ယန်ဇီမြစ်တလျှောက်က ဒေသတွေမှာ အပူချိန် စံချိန်တင်မြင့်နေလို့ တရုတ်နိုင်ငံမှာ အခုလအစောပိုင်းမှာ မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။
သြဂုတ် ၂၄ ရက်မှာ ကျန်းရှီးပြည်နယ်ဟာ မိုးခေါင်ရေရှားမှု အရေးပေါ်တုံ့ပြန်ချက်ကို အဆင့် ၃ ကနေ အဆင့် ၄ ကို မြှင့်တင်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ အဆင့်သတ်မှတ်မှုစနစ်မှာ အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။
ကျန်းရှီးပြည်နယ်ဟာ တရုတ်နိုင်ငံမှာ စပါးထွက်တဲ့ အဓိက ဒေသ ၁၃ ခုထဲက တခုပါ။ အပူရှိန်က စိုက်ပျိုးရေးကဏ္ဍကို အပြင်းအထန် ရိုက်ခတ်ခဲ့ပြီး နိုင်ငံတဝန်း စက်ရုံအလုပ်ရုံတွေ ခဏ ပိတ်ခဲ့ရပါတယ်။
ဇူလိုင် တလတည်းမှာ အပူချိန်မြင့်လို့ ယွမ် ၂.၇၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀) ဆုံးရှုံးခဲ့ပြီး လူပေါင်း ၅ ဒသမ ၅ သန်းနဲ့ မြေဧက ၄၅၇,၅၀၀ ကို ထိခိုက်ခဲ့တယ်လို့ အစိုးရက သြဂုတ် ၂၅ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဆိုမာလီနိုင်ငံမှာ နှစ်လေးဆယ်အတွင်း အဆိုးဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး အငတ်ဘေးကြောင့် အသက်ငါးနှစ်အောက် ကလေးအများစု အပါအဝင် လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့ပါတယ်။
ဆိုမာလီနိုင်ငံမှာ လေးနှစ်ဆက်တိုက် မိုးမရွာတဲ့အတွက် ပဲနဲ့ ပြောင်းပင်တွေ ရှုံ့တွတွန့်လိမ်နေပြီး ဆိတ်နဲ့ မြည်းတွေရဲ့ အလောင်းတွေ ပြန့်ကျဲနေပါတယ်။
တကမ္ဘာလုံးက ရန်ပုံငွေတွေနဲ့ အာရုံစိုက်မှုတွေက ယူကရိန်းစစ်ပွဲမှာ စုပုံနေချိန် ကုလသမဂ္ဂအဖွဲ့တွေနဲ့ အကူအညီပေးရေး အေဂျင်စီတွေဟာ ဆိုမာလီနိုင်ငံရဲ့ ၂၀၁၁ အငတ်ဘေးနဲ့ နှိုင်းလို့ရတဲ့ ဘေးဆိုးကြီးကို အာရုံစိုက်ဖို့ ဆွဲဆောင်နိုင်ရေး အသည်းအသန် ကြိုးစားနေရပါတယ်။
ဇန်နဝါရီလကမှ ဒေါ်လိုမြို့ဝန်းကျင်က ရောက်လာတဲ့ လူသုံးပုံတပုံ အပါအဝင် ကက်ဇာရီစခန်းကို ရောက်လာသူ အယောက် ၁၃,၀၀၀ ထဲက ထက်ဝက်အတွက်သာ ကူညီဖို့ငွေက လုံလောက်တာပါ။
အရေးပေါ် အကူအညီပေးဖို့ ကုလသမဂ္ဂ အစီအစဉ်ဟာ လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်းကိုသာ ထောက်ပံ့ထားနိုင်ပါတယ်။ အခုအချိန်အထိ လူပေါင်း ၂ ဒသမ ၈ သန်း အကူအညီ ရထားပြီးပါပြီ။ နောက်ထပ် ငွေတွေဝင်လာမှာသာ ကျန်ရစ်တဲ့လူ ၃ ဒသမ ၁ သန်းကို ကူညီနိုင်မှာပါ။ ကျန်တဲ့လူတွေကတော့ အစ္စလာမ္မစ် သောင်းကျန်းသူတွေ ခိုအောင်းနေတဲ့ ကုန်းတွင်းပိုင်းမှာ နေကြလို့ လက်လှမ်းမမီနိုင် ဖြစ်နေပါတယ်။
"အစာရေစာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ကို ရှောင်ရှားဖို့ ကျနော်တို့ ငွေသားလိုနေတယ်" လို့ အရှေ့အာဖရိက ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဒုညွှန်မှူး ရူကီယာ ယာကွတ်ဘ်က ပြောပါတယ်။
စခန်းပတ်လည်မှာ လူတွေက လိမ္မော်ရောင် တာပေါ်လင်တွေနဲ့ ပလတ်စတစ် အမိုးအကာတွေကို တုတ်အမိုးတွေပေါ်မှာ ဖြန့်နေကြရပါတယ်။ တွေ့သမျှ အလောင်းတွေကို မြှုပ်နှံနေရပြီး တခါတလေ သင်္ချိုင်းရာတွေကို သစ်ကိုင်းသစ်ခက်တွေနဲ့ တတ်နိုင်သမျှ အမှတ်အသား လုပ်ပေးကြပါတယ်။
ကျေးလက်ဒေသက လူတွေ စုဝေးနေလို့ ကပ်ရောဂါဆိုးတွေ ကင်းဝေးစေဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက တဲတွေကို ဝိုင်းဖွဲ့ပြီး သံပြားကာ ယင်လုံအိမ်သာတွေ တပ်ဆင်နေကြပါတယ်။
မိသားစုအများအပြားက စားစရာတခွက် ဒါမှမဟုတ် ငွေကြေး တပြားတချပ်ရဖို့ တောင်းရမ်းစားသောက်ကြပေမဲ့ အကူအညီတောင်းဖို့ ရောက်လာကြသူတွေပဲ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။