close

ကျန်းရှီးပြည်နယ်သားများ မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေး စတင်

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်မှာ မိုးခေါင်လို့ ရေတွင်းတူးသမားတွေ တရက်ကို ၁၅ နာရီကြာအောင် အလုပ်လုပ်နေရပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့က လယ်သမားတွေဟာ ဆိုးရွားတဲ့ မိုးခေါင် ရေရှားမှုကို တိုက်ဖျက်ဖို့ နာရီပေါင်းများစွာ ရေတွင်းတွေ တူးနေရတယ်လို့ ရိုက်တာသတင်းဌာနကို သြဂုတ် ၂၇ ရက်က ပြောခဲ့ပါတယ်။

“ဒီရွာတွေအားလုံးက အထူးသဖြင့် ခြောက်သွေ့နေတယ်”လို့ ကျိုကျန်းမြို့ တာ့ရှန်းရွာက  ရေတွင်းတူးဖော်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ အသက် ၄၂ နှစ်အရွယ် ကောင်းဖူးချာက ပြောပါတယ်။

“ရေတွင်းတူးဖို့ အကြောင်းကြားစာရတဲ့အခါ စောစောထပြီး နောက်ကျမှ အလုပ်သိမ်းရတယ်။ တနေ့ကို ၁၅ နာရီကျော် အလုပ်လုပ်ရတယ်။” 

အနားက တခြားရွာမှာ အသက် ၇၂ နှစ်အရွယ် ချန်မျိုးရိုးက အဘိုးအိုတယောက်ဟာ အိမ်က ကြက်တွေကို အစာကျွေးဖို့ လက်ကျန်ဆန်စပါးနှံများကို လယ်ကွင်းတွေထဲကနေ ကောက်သင်း ကောက် လိုက်ကောက်နေရပါတယ်။

အနားက ရေလှောင်ကန်တွေက စပါးစိုက်ခင်းတွေမှာသာ ရေပြည့်နိုင်တယ်လို့ ချန်က ဆက်ပြောပါတယ်။ 

" မြေတွေ ခြောက်သွေ့ကုန်လို့ နှမ်း၊ ပြောင်း၊ ကန်စွန်းဥ၊ ဝါဂွမ်းတွေ အားလုံး ခြောက်သွားပြီ။" 

ယန်ဇီမြစ်တလျှောက်က ဒေသတွေမှာ အပူချိန် စံချိန်တင်မြင့်နေလို့ တရုတ်နိုင်ငံမှာ အခုလအစောပိုင်းမှာ မိုးခေါင်ရေရှားမှု အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ရပါတယ်။

သြဂုတ် ၂၄ ရက်မှာ ကျန်းရှီးပြည်နယ်ဟာ မိုးခေါင်ရေရှားမှု အရေးပေါ်တုံ့ပြန်ချက်ကို အဆင့် ၃ ကနေ အဆင့် ၄ ကို မြှင့်တင်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ အဆင့်သတ်မှတ်မှုစနစ်မှာ အမြင့်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။

ကျန်းရှီးပြည်နယ်ဟာ တရုတ်နိုင်ငံမှာ စပါးထွက်တဲ့ အဓိက ဒေသ ၁၃ ခုထဲက တခုပါ။ အပူရှိန်က စိုက်ပျိုးရေးကဏ္ဍကို အပြင်းအထန် ရိုက်ခတ်ခဲ့ပြီး နိုင်ငံတဝန်း စက်ရုံအလုပ်ရုံတွေ ခဏ ပိတ်ခဲ့ရပါတယ်။

ဇူလိုင် တလတည်းမှာ အပူချိန်မြင့်လို့ ယွမ် ၂.၇၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀) ဆုံးရှုံးခဲ့ပြီး လူပေါင်း ၅ ဒသမ ၅ သန်းနဲ့ မြေဧက ၄၅၇,၅၀၀ ကို ထိခိုက်ခဲ့တယ်လို့ အစိုးရက သြဂုတ် ၂၅ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up