ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက မတ် ၃၀ ရက်က ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။
ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အမှုနဲ့ မြစ်ကြီးနားခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူထံက သိရပါတယ်။
မြစ်ကြီးနားခရိုင် တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက"ဒေါ်သက်ထားနှောင်းကို မြစ်ကြီးနား ခရိုင်တရားရုံးက ပုဒ်မ ၅၀ (ည)အမှုနဲ့ ထောင် ၁၁ နှစ် ထပ်ချတယ်။ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၁နှစ်က ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ ပြန်လွှတ်ရမှာ။ အဲ့ဒါကို ပြန်မလွတ်ပဲ ၅၀(ည)နဲ့ ထပ်ဆွဲပြီး ၁၁ နှစ် ထပ်ချတာ" လို့ ပြောပါတယ်။
ဒေါ်သက်ထားနှောင်းဟာ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ(CRKH) ဖွဲ့စည်းရာမှာ ပါဝင်အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် သြဂုတ် ၄ ရက်နေ့က နန်းမားမြို့ အောင်မင်္ဂလါရပ်ကွက်က နေအိမ်မှာ ရိုက်နှက် ဖမ်းဆီးသွားခဲ့တာပါ။
ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၂ခုနှစ် မေလ ၂၆ ရက်နေ့က ထောင်ဒဏ် ၁ နှစ် ချထားပြီး ဖြစ်ပါတယ်။
ဒေါ်သက်ထားနှောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကနေ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
Photo- Credit
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှာ မေ ၂၉ ရက်နေ့လယ်က နေအိမ်တစ်အိမ် အတွင်းကို ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နန်းမွန်းမြို့ ဈေးကွက်သစ်ရပ်ကွက်က ဦးတင်မြင့်ဆိုသူရဲ့နေအိမ်အတွင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗုံးပစ်သွင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဈေးကွက်သစ်ရပ်ကွက် နေထိုင်သူ တယောက်က ပြောပါတယ်။
"နေ့လယ် ၂ နာရီလောက်က ဖြစ်တာ။ လူသုံးယောက်က အိမ်ထဲ ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ စုစုပေါင်း ခုနှစ်ချက် ရှစ်ချက်လောက်တော့ရှိတယ်။ ဦးတင်မြင့်ကတော့ လက်မောင်းသေနတ်မှန်သွားတယ်။ ဘယ်အဖွဲ့က ဘာကြောင့်ပစ်တာလဲဆိုတာတော့မသိဘူး။"
သေနတ်မှန်သွားတဲ့ ဦးတင်မြင့်ကို ဟိုပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရပါတယ်။
ဦးတင်မြင့်ဟာ အရောင်းအဝယ်စီးပွားရေးလုပ်တဲ့ သာမန် အရပ်သားတယောက်ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ဘာကြောင့်အခုလို ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဧပြီ ၁၀ ရက်ကလည်း မိုးညှင်းမြို့ ထန်းတပင်ကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းမြင့် ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်အတွင်းသို့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ ပါတယ်။