close

မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ရှိ အိမ်တအိမ်တွင် ဗုံးပစ်ခံရပြီး သေနတ်ဖြင့်ပစ်ခံရသဖြင့် လူ ၁ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှာ မေ ၂၉ ရက်နေ့လယ်က  နေအိမ်တစ်အိမ် အတွင်းကို ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နန်းမွန်းမြို့ ဈေးကွက်သစ်ရပ်ကွက်က ဦးတင်မြင့်ဆိုသူရဲ့နေအိမ်အတွင်းကို အမည်မသိ  လက်နက်ကိုင်အဖွဲ့က ဗုံးပစ်သွင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း  ဈေးကွက်သစ်ရပ်ကွက် နေထိုင်သူ တယောက်က ပြောပါတယ်။

"နေ့လယ် ၂ နာရီလောက်က ဖြစ်တာ။ လူသုံးယောက်က အိမ်ထဲ ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ စုစုပေါင်း ခုနှစ်ချက် ရှစ်ချက်လောက်တော့ရှိတယ်။ ဦးတင်မြင့်ကတော့ လက်မောင်းသေနတ်မှန်သွားတယ်။ ဘယ်အဖွဲ့က ဘာကြောင့်ပစ်တာလဲဆိုတာတော့မသိဘူး။"

သေနတ်မှန်သွားတဲ့ ဦးတင်မြင့်ကို ဟိုပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရပါတယ်။

ဦးတင်မြင့်ဟာ အရောင်းအဝယ်စီးပွားရေးလုပ်တဲ့ သာမန် အရပ်သားတယောက်ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ဘာကြောင့်အခုလို ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ဧပြီ  ၁၀ ရက်ကလည်း မိုးညှင်းမြို့ ထန်းတပင်ကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းမြင့် ဆိုသူကို  အမည်မသိလက်နက်ကိုင်အဖွဲ့က  နေအိမ်အတွင်းသို့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ ပါတယ်။

//
Up